မန္တလေးမြို့မှာ မနေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေ ကြောင့် ပြည်သူတွေ ထိခိုက် သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့ပေမယ့် မတ်လ ၁ ရက် ဒီမနက်ပိုင်းမှာ မြတောင်သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မြတောင် သပိတ်စစ်ကြောင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ၊ ကျောက်စိမ်း ကျောက်မျက်လုပ်ကိုင်နေသူတွေ ပါဝင်ပြီး စစ်အာဏာရှင်အလိုမရှိ၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး တို့ကို တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် မြရည်နန္ဒာဘက်မှာလည်း ပညာရေးစစ်ကြောင်က စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆက်လက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြို့မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်အာဏာရှင်စနစ်ကျရှုံးရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ နေရာတိုင်းလိုလို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲတာတွေလုပ်ခဲ့ပြီး မျက်ရည်ယိုဗုံးနဲ့ ပစ်တာ၊ ရာဘာကျည်နဲ့ ပစ်တာ၊ လေးခွနဲ့ ပစ်တာတွေအပြင် ကျည်အစစ်နဲ့ ပစ်တာတွေပါ ရှိခဲ့ပါတယ်။
ဒီလိုပစ်ခတ်မှုကြောင့် အနည်းဆုံး ၃ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရသူ ၁၅ ဦးထက်မနည်းရှိကာ အသက်အန္တရာယ်စိုးရိမ်ရသူတွေလည်းရှိတယ်လို့ သိရပါတယ်။