ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အာဏာသိမ်းစစ်အုပ်စုရဲ့ အဖမ်းအဆီးတွေ ရှိနေတဲ့အကြားက မတ် ၁ ရက်နေ့က စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ဒေသခံပြည်သူတွေက ဆက်လက်ဆန္ဒပြနေပါတယ်။
ပုသိမ်မြို့မှာ စစ်အာဏာရှင်ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး ဆန္ဒပြသူတွေကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ရဲတပ်ဖွဲ့က သေနတ်နဲ့အကြမ်းဖက်ပစ်ခတ်ဖြိုခွဲပြီး သတင်းသမား ၁ ဦး အပါအဝင် ပြည်သူအယောက် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
ဆန္ဒပြတဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ပေမယ့် ဒီနေ့ မနက်ပိုင်းမှာစစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြသူတွေက စုပေါင်းပြီး ဆက်လက် ဆန္ဒပြနေတာလည်း ဖြစ်ပါတယ်။
မတ် ၁ ရက်နေ့ မနက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဖို့ လူစုတဲ့ ဆုံရပ်မှာလည်း လက် ၃ ချောင်း ထောင်ပြမိလို့ ဖမ်းဆီးခံရသူ တချို့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လမ်းပိတ်ဆို့တာတွေ ပြုလုပ်နေတဲ့အတွက် ဆန္ဒပြတဲ့လူတွေဟာ မြို့ပေါ်ရပ်ကွက် လမ်းကြားတွေမှာ လှည့်လည် ဆန္ဒပြနေရပါတယ်။
ရဲတပ်ဖွဲ့က လူစုခွဲဖို့အတွက် ရဲကားတွေနဲ့ ရေအမြောက်ကားတွေနဲ့ လိုက်လာတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေက လမ်းတွေကို အတားအဆီးတွေနဲ့ ပိတ်ဆို့တာတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။