ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ဖွဲ့ဝင် ၁ ဦးဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်တွေကို မလိုက်နာလိုတော့တာကြောင့် ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းမှာ ရဲတပ်ဖွဲ့ကနေ နုတ်ထွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြခဲ့တဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့အပြီး ညနေပိုင်းမှာ နုတ်ထွက်စာ တင်ခဲ့တာလည်း ဖြစ်ပါတယ်။
နုတ်ထွက်စာတင်ခဲ့တဲ့ ရဲတပ်သား ဇင်ဘိုဘိုထက်ဟာ ရဲတပ်ဖွဲ့ကို ၂၀၁၅ ခုနှစ်က စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး တိုင်းရဲတပ်ဖွဲ့မှူးရုံး ရေး-၄၊ ၅ ဌာနစိတ်မှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ သစ္စာဓိဋ္ဌာန် ၄ ချက်၊ ရဲကျင့်ဝတ် ၇၀ တို့ကို လိုက်နာပြီး ပြည်သူအပေါ် သစ္စာစောင့်ခဲ့သူပီပီ တရားဥပဒေနဲ့မညီတဲ့ အထက်ကပေးအပ်တဲ့အမိန့်တွေကို မလိုက်နာနိုင်ကြောင်း နုတ်ထွက်စာထဲမှာ ရေးသားဖော်ပြထားပါတယ်။
ဒါ့ပြင် တိုင်းရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေစဉ် လူစုလူဝေး ထိန်းသိမ်းတဲ့နေရာမှာ လုံခြုံရေးယူနေရလို့ ထုတ်ပေးထားတဲ့ သေနတ်နဲ့ ကျည်ဆန်တွေ အပါအဝင် အသုံးအဆောင်ပစ္စည်းတွေကို ယူသွားမှာမဟုတ်ဘူးလို့ ရေးသားဖော်ပြထားပါတယ်။
ပုသိမ်မြို့မှာ ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ အမိန့်တွေကို မလိုက်နာနိုင်လို့ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက တပ်ကြပ်အဆင့်ရှိ ရဲ ၁ ဦးနဲ့ မြို့နယ်ရဲတပ်ဖွဲ့က ရဲတပ်သား ၁ ဦးလည်း နုတ်ထွက်စာတင်ခဲ့ကြပါတယ်။