စစ်တပ်က အင်အားသုံးဖြိုခွင်းမှုကို ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂ တောင်းဆို

လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေမှာ စစ်တပ်က အင်အားသုံးဖြိုခွင်းတာတွေကို ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က မြန်မာနိုင်ငံမှာ ဆန္ဒထုတ်ဖော်မှုတွေအပေါ် အကြမ်းဖက်မှုတွေ ပိုမိုဆိုး ရွားပြင်းထန်လာနေတာကို  ပြင်းထန်စွာရှုတ်ချကြောင်း၊ စစ်တပ်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေအပေါ် အင်အားသုံး ဖြိုခွင်းတာကို ချက်ချင်းရပ်တန့်ဖို့ တောင်း ဆိုကြောင်း ဖော်ပြထားတာပါ။

တနေ့လုံး၊ နိုင်ငံအနှံ့ နေရာများစွာမှာ ရဲနဲ့ စစ်တပ်အင်အားစုတွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လူသေစေလောက်တဲ့ အင်အားသုံးပြီးတော့ရော အသက်သေဆုံး လောက်အောင် မပြင်းထန်တဲ့ အင်အားတွေ သုံးပြီးတော့ပါ တိုက်ခိုက်ခဲ့လို့  အနည်းဆုံး ၁၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ခိုင်လုံတဲ့ သတင်းအချက်အလက်တွေအရ လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။

သေဆုံးမှုတွေ ဖြစ်ပွားခဲ့ရတဲ့ထဲမှာ ရန်ကုန်၊ ထားဝယ်၊ မန္တလေး၊ မြိတ်၊ ပဲခူးနဲ့ ပခုက္ကူမြို့တွေမှာ ကျည်ဆန်အစစ်တွေအသုံးပြုပြီး လူအုပ်တွေထဲကို ပစ်ခတ်ခဲ့တဲ့အတွက် ကြောင့် ဖြစ်ကာ နေရာအနှံ့ အသံမြည်ဗုံး၊ မီးဗုံးနဲ့ မျက်ရည်ယိုဗုံးတွေကိုလည်း အသုံးပြုခဲ့ ကြကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ဒီမိုကရေစီကို ပြန် လည်ထူထောင်ရေး တောင်းဆိုပိုင်ခွင့်ရှိကြောင်း၊ အကြမ်းဖက် သွေးထွက်သံယို ဖိနှိပ်မှု မပြုလုပ်ဘဲ အဲဒီအခြေခံ ရပိုင်ခွင့်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လေးစားရမှာဖြစ်ကြောင်းနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေအရ အကြမ်းမဖက်တဲ့ ဆန္ဒပြသူတွေအပေါ် သေစေနိုင်တဲ့ အင်အားအသုံးပြုမှုဟာ လုံးဝ မလျော်ကန်‌ကြောင်းလည်း ဖော်ပြထားပါ တယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေဟာ  နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းမှ အဖွဲ့ဝင်တွေ၊ သတင်းစာဆရာတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ဖမ်းဆီးပြီး အတိုက်အခံတွေနဲ့ ဆန္ဒပြသူတွေရဲ့ အသံတွေကို ပိုမိုပစ်မှတ်ထားလာခဲ့ တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့တရက်တည်းတင်ပဲ ရဲတပ်ဖွဲ့က ဆေးဘက်ဆိုင်ရာ ပညာရှင်နဲ့ ကျောင်းသားကျောင်းသူ အနည်းဆုံး ၈၅ ယောက်နဲ့ သတင်းစာဆရာ ၇ ယောက်တို့ကို ဆန္ဒပြပွဲမှာပါဝင်နေတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အာဏာသိမ်းပြီး ချိန်ကစ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခံရသူ စုစုပေါင်း ၁၀၀၀ ကျော်ရှိသွားပြီ ဖြစ် ကြောင်းလည်း ဖော်ပြထားပါတယ်။

  ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရအဖွဲ့ဝင်တွေ အပါအဝင် တရားလက်လွတ်ထိန်းသိမ်းခံထားရသူအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ ကုလသ မဂ္ဂလူ့အခွင့်အရေးရုံးက ထပ်လောင်း တောင်းဆိုလိုက်ပြီး နိုင်ငံတကာ အသိုက် အဝန်းအနေနဲ့ ဆန္ဒပြသူတွေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ဆောင်ရွက်နေသူတွေအားလုံးနဲ့ တသားတည်းအတူ ရပ်တည်ရမှာဖြစ်တယ်လို့ ဆိုပါ တယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up