စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲ
DVB
·
October 13, 2013
အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက် ရန်ကုန်ကနေ မင်္ဂလာဒုံဘက်ကို သွားတဲ့ဘက်ခြမ်း ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင်မှာ ဒီနေ့ ၀၀း၁၅ နာရီက ပေါက်ကွဲမှုတခုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အင်တာနက်ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
[caption id="attachment_44781" align="alignright" width="271" caption="(ဓာတ်ပုံ - Yangon Police)"][/caption]
ဗုံးကွဲမှုကြောင့် ခရီးသည်နားနေဆောင် ယာဘက် ကပ်လျက်မြေကြီးဟာ အနက် ၃ လက်မလောက်နဲ့ အကျယ် ၁ ပေပတ်လည်ခန့်ရှိ ချိုင့်ခွက် ဖြစ်သွားပြီး Natural Clay ဂျပန်အုတ်ကြွပ်အမိုး ကြော်ငြာဆိုင်းဘုတ် ၁၀ ပေခန့် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ခရီးသည်နားနေဆောင်ထိုင်ခုံ ယာဘက်အစွန်း ၆ လက်မလောက် ပဲ့ထွက်သွားတယ်လို့ ရဲဖေ့ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကို ဒီနေ့ ၁း၅၅ နာရီက မိုင်းရှင်းလင်းမှုပြုလုပ်စဉ် Natural Clay ဂျပန်အုတ်ကြွပ် အမိုးကြော်ငြာဆိုင်းဘုတ် ၀ဲဘက် စည်ပင်အမှိုက်ပုံးအနီးမှာ ကြွပ်ကြွပ်အိတ်နဲ့ ထည့်ထားတဲ့ အလျား ၄ လက်မ၊ အနံ ၂ လက်မ၊ ထု ၁ လက်မရှိ C-4ယမ်း၊ ဒီတိုနေတာ၊ နိုးစက်နာရီ၊ ၀ါယာကြိုးများတပ်ဆင်လျက် လက်လုပ်မိုင်း ၁ လုံးကို ထပ်မံတွေ့ရှိတယ်လို့ သတင်းက ဆိုပါတယ်။
လက်လုပ်မိုင်းဖောက်ခွဲသူတွေကို အင်းစိန်မြို့မရဲစခန်း (ပ)၁၀၉၀/၂၀၁၃၊ ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃ အရ အမှုဖွင့်ပြီး စုံစမ်းဖော်ထုတ် ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။