Home
မြန်မာသတင်း
ဆန္ဒပြပြည်သူကို ပစ်ခတ်ပါက အကာကွယ်ပေးမည်ဟု ကယားလက်နက်ကိုင်အဖွဲ့များ ပြော
နော်နိုရင်း
·
February 28, 2021

ဒီနေ့ ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်တဲ့ ပြည်သူတွေကို ပစ်ခတ်လာမယ်ဆိုရင် ကာကွယ်ပေးသွားမယ်လို့ ကယားပြည်နယ်အတွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့စည်း တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ လွိုင်ကော်မြို့အပါအဝင် တခြားမြို့နယ်မှာလည်း  မြို့လုံးကျွတ် ဆန္ဒဖော်ထုတ်နေကြတဲ့အတွက် လူထု သိန်းချီပြီး လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်နေခဲ့ကြပါတယ်။

လက်ရှိ ကယားပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့  ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊  ကယန်းပြည်သစ်ပါတီ  (KNLP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊  ကရင်နီအမျိုးသားငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (KNPDP) နဲ့ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) တို့က သူတို့ရဲ့ သက်ဆိုင်ရာရုံးတွေမှာ ယူနီဖောင်းလက်နက်အပြည့်အစုံနဲ့ နေရာယူထားကြောင်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ပစ်ခတ်လာမယ်ဆိုရင် ကာကွယ်ပေးသွားမယ်လို့  ကလလတ ရဲဘော်တဦးဖြစ်တဲ့ ကိုနေမိုးအောင်က ပြောပါတယ်။

“ကြားတာကတော့ ပစ်မိန့်တွေဘာတွေပေးမယ်ဆိုတာ ကြားထားတယ်လေ။ ကြားတော့ ကျနော်တို့ဒီလိုမျိုး ပြောထားလိုက်တာပေါ့။  ကျနော်တို့အဖွဲ့တွေအားလုံးကတော့ လူထုထိရင်တော့ ကိုယ်တွေကတော့ ဝင်ပြီးတော့ ကာကွယ်ပေးရမှာပေါ့။ အဲဒါကြောင့် အဆင့်သင့်လုပ်ထားတဲ့သဘော၊ နောက်ဒီနေ့ကလည်း အရေးကြီးတယ်ဆိုတော့လေ။ ”

ဒါ့အပြင် အဆိုပါအဖွဲ့အစည်းတွေရဲ့  ရဲဘော် အသီးသီးဟာလည်း  ကယားပြည်နယ် အတွင်းစည်း၊ အပြင်စည်း အားလုံးမှာ အဆင်သင့် ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်နေပါကြောင်းနဲ့ ငြိမ်းချမ်းနေတဲ့ပြည်နယ်ကို ဆက်လက်ငြိမ်းချမ်းစေပြီး သေနတ်သံ မပေါက်စေဖို့နဲ့ ပြည်သူကို မထိခိုက်‌‌စေဖို့ ကာကွယ်သွားမယ်လို့လည်း ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ပြုလုပ်တဲ့ လူထုသပိတ်အတွင်းမှာတော့ ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ် ဦးအယ်ဖောင်းရှိုက လူထုကို လာရောက်ပြီး တိုက်တွန်းစကားတွေ ပြောဆိုခဲ့ပါတယ်။

“ထင်မထားတဲ့အထိ ကျနော်တို့ ပြည်သူတွေအားလုံး၊ တိုင်းရင်းသားတွေအားလုံး၊ ဌာနဆိုင်ရာတွေအားလုံး စည်းလုံးကြတယ်ဆိုတာကို ဒီနေ့ ဒီပွဲမှာ ကျနော် မြင်တွေ့ရပါပြီ။ ကျနော်တို့ ပြည်ထောင်စုရဲ့ အနာဂတ်အတွက် အင်မတန် ဂုဏ်ယူဝမ်းမြောက်ချီးကျူးမိပါတယ်။ ကျနော့်အနေနဲ့ ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကိုလည်း တင်ပြလိုပါတယ်။ ကျနော်တို့ ၂၀၂၀ ပြည်သူတွေ ရွေးချယ်တင်မြောက်ထားတဲ့ ကျနော်တို့ ပြည်သူ့ကိုယ်စားလှယ်တွေအားလုံးဟာ ကျနော်တို့ ပြည်သူတွေနဲ့တသားတည်းရှိနေပါတယ်။ အရှေ့ကို မထွက်ဘူးဆိုတာမဟုတ်ပါဘူး။ တတ်နိုင်တဲ့ တထောင့်တနေရာကနေ ကျနော်တို့ပြည်သူနဲ့အတူ တသားတည်း ခွန်အားတွေ၊ ပံ့ပိုးမှုတွေ၊ စံမံမှုတွေ လုပ်ဆောင်နေတယ်ဆိုတာကိုလည်း ကယားပြည်နယ်အတွင်းမှာရှိတဲ့ ကျနော်တို့ တိုင်းရင်းသားညီကို ပြည်သူများအားလုံးကို သိစေချင်ပါတယ်။”

အလားတူ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် မအယ်ဗာလင်းကလည်း “ကျမတို့ တနိုင်ငံလုံးမှာ စစ်ရဲ့အငွေ့တွေခံစားနေခဲ့ရတယ်။ နှစ်ပေါင်းများစွာ  ရှိခဲ့ကြတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်လောက်မှာ စစ်အာဏာရှင်တဝက် ဒီမိုကရေစီတဝက်အောက်မှာလည်း ကျမတို့ ပြည့်ပြည့်ဝဝဒီမိုကရေစီမျက်နှာလည်း မရှိခဲ့ကြဘူး။ စစ်အာဏာရှင်တွေ ဒီနေ့အချိန်အထိ အမြစ်တွေ တွယ်နေသေးတယ်။ ငွေအားဖြင့်သော်လည်းကောင်း၊ လက်နက်အင်အားဖြင့်သော်လည်းကောင်း၊ အာဏာအားဖြင့်သော်လည်းကောင်း သူတို့တွေ အမြစ်တွေတွယ်နေသေးတယ်။ ဒီအမြစ်တွေကို ကျမတို့ အမြစ်ပြတ်ချေမုန်းဖို့အတွက်က ကျမတို့အင်အားတွေ ဒီထက်မက လိုနေသေးဆိုတာကို သတိချရမှာဖြစ်ပါတယ်။ စစ်အာဏာရှင်တွေကို တရားဝင်အရ အဏာပေးနိုင်တဲ့  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် သူတို့ကို ဆက်လက်ပြီးတော့မှ အာဏာရှင်တွေအသက်ရှင်တွေ အသက်ရှင်နေဖို့အတွက် ရေသောက်မြစ်တခုဖြစ်တယ်ဆိုတာ ပြည်သူတွေ မမေ့ကြပါနဲ့” လို့ လူထုတွေကို မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကယားပြည်နယ်တွင်း ၂၀၂၀ အနိုင်ရ အန်အယ်လ်ဒီကိုယ်စားလှယ်နဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်တွေ ပူးပေါင်းဖွဲ့စည်းမယ့် CRPH ကိုလည်း မကြာခင် ဖွဲ့စည်းသွားမယ်လို့ ဦးအယ်လ်ဖောင်းရှိုကို ဒီဗွီဘီက မေးမြန်းစဉ် ပြောဆိုခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024