ဆီးဂိမ်းအမီ 4G နက်ဝက် ပြင်ဆင်
မျိုးဇော်လင်း
·
October 12, 2013
မြန်မာ့ဆက်သွယ်ရေးက 4G အင်တာနက်လိုင်းကို ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရာနေရာတွေမှာ တပ်ဆင်နေပြီး လာမယ့်လက စတင်ကာ ဆီးဂိမ်းကာလတလျှောက်လုံး WiFi စနစ်ဖြင့် အင်တာနက် အခမဲ့ အသုံးပြုခွင့်ပေးသွားမှာ ဖြစ်ပါတယ်။
ဆီးဂိမ်းကာလတလျှောက်လုံးမှာ မြန်နှုန်းမြင့်အင်တာနက်စနစ်ကို သုံးနိုင်ဖို့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေဆောင်ဒေသတွေမှာ 4G အင်တာနက်စနစ်ကို တပ်ဆင်သွားမှာဖြစ်ပြီး ၀ိုင်ဖိုင်စနစ်ဖြင့် အခမဲ့အသုံးပြုခွင့်ပေးသွားမှာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူကပြောခဲ့တာပါ။
လက်ရှိအသုံးပြုနေတဲ့ အင်တာနက်နှုန်းတွေထက် ၁၀ဆ လောက် မြန်ဆန်မှာဖြစ်ပါတယ်။
ဆီးဂိမ်းပြိုင်ပွဲအတွက် အဓိကထားပြီး အသုံးပြုခွင့်ပေးသွားမှာဖြစ်ပေမယ့် နောက်ပိုင်းကာလတွေမှာ အင်တာနက်အသုံးများတဲ့ နေရာတွေမှာ တပ်ဆင်ပေးသွားမှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မြန်မာ့ဆက်သွယ်ရေးတာဝန်ရှိသူက ပြောပါတယ်။
“ဆီးဂိမ်းအတွက်ကို အဓိက ထားပြီးလုပ်တာပေါ့နော်။ ဆီးဂိမ်းပြီးရင်လည်း ဆက်သွားမယ့် အလားအလာတော့ လုပ်ထားပါတယ်။ လူအများစုဝေးတဲ့နေရာတွေမှာ လူတိုင်းသုံးလို့ရအောင် ပတ်စ်ဝေါ့မခံထားပဲ ဖြန့်ချိပေးထားမယ်။”
မြန်နှုန်းမြင့်တဲ့ 4G အင်တာနက်စနက်ကို မြန်မာ့ဆက်သွယ်ရေးက ပြည်သူလူထူအသုံးပြုနိုင်ရန် စတင်တပ်ဆင်နေပြီး ရန်ကုန်မြို့အတွက် ၁၈ နေရာမှာ တပ်ဆင်ပေးသွားမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
4G အင်တာနက်စနစ်ဟာ လက်ရှိဈးကွက်ထဲမှာနေရာယူနေတဲ့လက်ကိုင်ဖုန်းဟန်းဆက်
တွေနဲ့ မရနိုင်ဘဲ မြန်နှုန်းမြင့် အင်တာနက်လိုင်းတွေ ဖမ်းယူအသုံးပြုနိုင်တဲ့ ဟန်းဆက်တွေသာ အသုံးပြုလို့ ရမယ်လို့ လူကြီးမင်းလက်ကိုင်ဖုန်းအရောင်းဆိုင်က ဦးကိုကိုအောင်က ပြောပါတယ်။
လူဦးရေ သန်း ၆၀ ကျော်လောက်ရှိနေတဲ့ မြန်မာနိုင်ငံမှာ လူ ၁၀၀ မှာ ၈ ယောက်နီးပါး တယ်လီဖုန်းသုံးနေပြီး အာဆီယံမှာ အနိမ့်ဆုံးသုံးစွဲမှု ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍတွေမှာ မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံတယ်လီပို့နဲ့ ထပ်မံရွေးချယ်ပြီး လုပ်ကိုင်ခွင့်ပေးထားတဲ့ ကာတာအခြေစိုက် အော်ရီဒူး ၊နော်ဝေးနိုင်ငံအခြေစိုက် တယ်လီနော်ဆက်သွယ်ရေးကုမ္ပဏီတို့က ၂၀၁၆ ခုနှစ်အတွင်း လက်ရှိ ထက်ဖုန်းသုံးစွဲမှု ၃ ဆတိုးမြင့်အောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။