တနင်္သာရီတိုင်း ထားဝယ်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့နယ်လုံးဆိုင်ရာ ချီတက်ပွဲကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တာကြောင့် အနည်းဆုံး ၃ ဦး သေဆုံး၊ ၂၀ လောက် ဒဏ်ရာရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု ကော်မတီဝင် တဦးက ပြောပါတယ်။
“သေဆုံးသူက ၃ ယောက် အတည်ပြုလို့ရတယ်၊ ဒဏ်ရာရသူက အယောက်၂၀ လောက်ရှိတယ်။ အဖမ်းခံရသူလည်း ၂၀ လောက်ရှိတယ်။ သူတို့က ကျည်အစစ်နဲ့ရော၊ ရာဘာကျည်တွေနဲ့ရော အကြမ်းပတမ်း ပစ်ခတ်ဖြိုခွင်းတာ” လို့ ပြောပါတယ်။
လုံခြုံရေးအင်အား ၆၀ ဝန်းကျင်လောက်နဲ့ လမ်းဆုံကြီး၊ ဒေါင်းငူဈေးနား၊ တားကြီး သုံးနေရာမှာ အင်အားသုံးပြီး ကျည်အစစ်တွေရော၊ ရာဘာကျည်တွေနဲ့ပါ ပစ်ခတ်ခဲ့တာဖြစ်ပြီး တချို့နေရာတွေမှာ သွေးကွက်တွေ အများအပြား တွေ့ရတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
“အကြမ်းဖက်ဖြိုခွင်းတာ၊ ဆန္ဒပြသူတွေက နီးစပ်ရာအိမ်တွေထဲကို ဝင်ပြေးပြီး ပုန်းနေကြတယ်။ ဒီနေ့က မနေ့ကထက် ပိုဆိုးတယ်၊ ပစ်ခတ်ဖြိုခွင်းတာ၊ လုံခြုံရေးအင်အားက ၆၀ လောက်ရှိတယ်။”
ဒီနေ့ဆန္ဒပြပွဲကို အန်အယ်လ်ဒီအဖွဲ့ချုပ်အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း အမြောက်အမြားပါဝင်ပြီး မြို့နယ်လုံးကျွတ် လူဦးရေ ၄ သိန်းလောက်ရှိတယ်လို့ ဆန္ဒပြ ဆရာမတဦးက ပြောပါတယ်။
“လူတွေက အများကြီး သုံး လေးသိန်းလောက် ရှိတယ်။ အန်အယ်လ်ဒီအဖွဲ့ချုပ် စစ်ကြောင်းရှိရာကို အဓိကထားပစ်တယ်။ အခုလည်း (၉:၂၀) နာရီထိ ဆက်ပစ်တုန်းပဲ။ ဆန္ဒပြသူတွေက လမ်းဆုံကြီးကနေ ဒေါင်းငူဈေးဘက်လာတဲ့အချိန်မှာ ဈေးတောင်ဘက်လမ်းဆုံမှာ လုံခြုံရေးတွေက စောင့်နေတာ၊ ရှေ့ကသွားတဲ့ သပိတ်စစ်ကြောင်းတွေကို မပစ်ဘဲ အန်အယ်လ်ဒီ လူကြီးတွေပါတဲ့ သပိတ်စစ်ကြောင်း အဲနားရောက်မှ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တာ။ မျက်စိတွေ၊ မျက်နှာစပ်ပြီး အသက်ရှူတောင်ကြပ်တယ်။”
အန်အယ်လ်ဒီအဖွဲ့ချုပ်က ဆန္ဒပြသူတွေ ဝင်ပြေးတဲ့ နေအိမ်တွေရှေ့ကိုလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဆန္ဒပြသူတွေ လူပြန်စုပြီး ရုံးကြီးလမ်းဆုံးမှာ ဆက်လက်ဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။
ထားဝယ်မြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ သပိတ်စစ်ကြောင်းကိုလည်း ရဲနဲ့စစ်တပ်က အင်အားသုံး ပစ်ခတ်နှိမ်းနင်းပြီး အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။
နောက်ဆုံးရရှိတဲ့သတင်းအရ ပစ်ခတ်ခံရမှုကြောင့် ဆန္ဒပြသူ ၁ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။
သတင်း- ကိုရန်နိုင် (ထားဝယ်)၊ ဓာတ်ပုံ - သင်းသီရိစိုး