မကွေးတွင် တတိယနှစ်ကျောင်းသားနှင့် မိသားစုဝင် ၂ ဦးကို ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်

မကွေးမြို့မရဲစခန်းမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့မနက်ပိုင်းက မြန်မာစာ(တတိယ)နှစ်ကျောင်းသား ကိုမင်းချစ်သူနဲ့ မိသားစုဝင် ၂ ယောက်တို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ အရေးယူထားတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

မကွေးမြို့ သစ္စာလမ်းမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက လူငါးယောက်ထက် ပိုမစုဝေးဖို့ လိုက်လံကြေညာပြီး အင်အားသုံးကာ မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ကာ ကိုမင်းချစ်သူအပါဝင် ၁၀ ယောက်ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

မြေလတ်ဂျာနယ်က အမျိုးသမီးသတင်းထောက်တစ်ယောက်၊ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းက ပရဟိတ အဖွဲ့ဝင် ၃ ယောက်နဲ့ ကျောင်းသားတချို့ကိုပြန်လွှတ်ပေးခဲ့ပြီး ကိုမင်းချစ်သူ၊ မိခင်ဖြစ်သူ ဒေါ်ခင်တင့်နဲ့ အဒေါ်ဖြစ်သူ ဒေါ်အေးငွေတို့ကိုတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး လာမယ့်တနင်္လာနေ့ တရားရုံးထုတ်မှာဖြစ်ပြီးတော့ မကွေးမြို့နယ်ရှေ့နေတွေက ကိုယ်စားလှယ်လွှဲစာရယူပြီး အခမဲ့ လိုက်ပါကူညီ အကျိုးဆောင်ပေးမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်က ပြောပါတယ်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကိုလည်း နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ္မ ၅၀၅(ခ) နဲ့ အမှုဖွင့်ထားတာကြောင့် တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်နဲ့ ဦးမြင့်အောင်တို့က လိုက်ပါအကျိုးဆောင်ပေးနေပြီးတော့ လက်ရှိအချိန်ထိ တွေ့ခွင့်မရသေးဘူးလို့ ဆိုပါတယ်။

မင်းထီး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up