စစ်အာဏာရှင်ဆန့်ကျင်ရေး လွိုင်ကော်မြို့က ဒီနေ့ လူထုချီတက်ဆန္ဒပြရာ လမ်းကြောင်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံပိတ်ပင်မှုတွေ ရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင် ၅၀ အင်အားအပြင် လူစုဖြိုခွဲဖို့ ရေကားတွေနဲ့ပါ တားဆီးမှုတွေ ရှိခဲ့ပေမယ့် ထိပ်တိုက်ရင်ဆိုင်တဲ့အခြေအနေ မဖြစ်အောင် သပိတ်စစ်ကြောင်းကို ပြည်သူတွေက ကားကြီး ကားငယ်တွေနဲ့ လမ်းထိပ်တွေမှာ ကာရံပေးထားသလို ဆန္ဒပြပြည်သူဘက်က ဖွဲ့စည်းထားတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ ကာရံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဆန္ဒပြလူငယ်ခေါင်းဆောင် တဦးဖြစ်တဲ့ ခူးရီးဒူက “အခု လက်ရှိ လွိုင်ကော်မှာ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေ လုပ်နေပါတယ်။ ကျနော်တို့ကတော့ ကျနော်တို့ လမ်းကြောင်းကို ပုံမှန်နဲ့ ငြိမ်းချမ်းစွာ သွားနေတယ်။ သို့သော် ရဲဘက်ကတော့ ကျနော်တို့သွားမယ့်လမ်းကြောင်းကို လိုက်ပြီးတော့မှ ပိတ်ဆို့နေတဲ့ အနေအထားမှာ ရှိနေတယ်။ လက်ရှိ ရဲအင်အားအရ ဆိုလို့ရှိရင်တော့ ၄၀ လောက်ရှိပါတယ်။ ပြီးတော့မှ ရေပွိုင့်ကား ၂ စီးနဲ့ ကျနော်တို့ ထည့်ထားတဲ့ အနေအထားမှာ ရှိတယ်။ လက်ရှိ ညှိနှိုင်းမှုအရ ကျနော်တို့လမ်းကြောင်းကို ဆက်သွားပြီးတော့မှ ရှောင်လွှဲသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့တွေ ပိတ်ထားတဲ့လမ်းမှာ မြေထိုးစက်နဲ့ ကာရံပေးထားတာနဲ့ပတ်သက်လို့ သပိတ်ကော်မတီဝင်တဦးက “တကယ်လို့ ရဲတွေ ရောက်လာတယ်၊ တပ်တွေ ရောက်လာတယ်ဆိုရင် သူတို့ ချက်ချင်း လာလို့မရအောင် တဆင့်ခံထားတဲ့ သဘောပါပဲ။ ကျမတို့ ပြည်သူလူထုကနေ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေ မထိခိုက်ဖို့အတွက်ပါပဲ” လို့ ပြောပါတယ်။
ဆန္ဒပြလူထုတွေနဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ထိတွေ့မှုမရှိအောင်လည်း လူထုသပိတ်ကော်မီတီနဲ့ ရဲတပ်ဖွဲ့အကြား ဆွေးနွေးပြောဆိုခဲ့ပြီးနောက် ပြည်သူတွေက တခြားလမ်းကြောင်းကနေ သူတို့ရဲ့ဆုံရပ်ဖြစ်တဲ့ နောင်ယားကန်ကို ငြိမ်းချမ်းစွာ ပြန်လည်ထွက်ခွာနိုင်ခဲ့ပါတယ်။
နော်နိုရင်း