Home
မေးမြန်းခန်း
ကုလသမဂ္ဂတွင်လက်သုံးချောင်းထောင်ပြီး ပြည်သူဘက်ကရပ်တည်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မေးမြန်းချက်
DVB
·
February 27, 2021

အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်အစိုးရကို ဘယ်နည်းနဲ့မှလက်မခံဖို့နဲ့ စစ်အာဏာသိမ်းမှုအဆုံးသတ်ရေး အပြင်းထန်ဆုံးအရေးယူဖို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂအထွေထွေညီလာခံ အလွတ်သဘော ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က  နယူး ယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက  မြန်မာပြည်သူတွေက ရွေးချယ်ထားတဲ့ အန်အယ်လ်ဒီဦးဆောင်တဲ့  အရပ်သားအစိုးရကို ကိုယ်စားပြုပြီး ပြောဆိုသွားတာပါ။ 

သူ့ရဲ့မိန့်ခွန်းအဆုံးမှာ  ပြည်သူသာ အဓိက အရေးတော်ပုံ အောင်ရမည်ဆိုပြီး လက်သုံးချောင်းထောင်ကာ  မြန်မာပြည်တွင်းက စစ်အာဏာရှင်ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ပြသသွားပါတယ်။ 

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒီဗွီဘီသတင်းထောက် အောင်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - “မနေ့ကတုန်းက Informal အစည်းအဝေး ကျနော်တို့ နားထောင်လိုက်ရတယ်။ သံအမတ်ကြီးအနေနဲ့ မြန်မာပြည်သူတွေဘက်က အခုလိုမျိုး ရပ်တည်ပြီး ပြောရတဲ့ အကြောင်းရင်းလေးတွေ ပြန်ပြောပြလို့ရမလား။”

ဖြေ - “ကျနော်လည်း ပြည်သူထဲက ပြည်သူတယောက်ပါပဲ။ တောက်လျှောက် ၁၉၉၃ ကတည်းက နိုင်ငံခြားရေးရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ တဆင့်တဆင့် တက်လာပြီးတော့ ဒီရာထူး ရောက်ခဲ့တာပေါ့။ ပထမဆုံး မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ၂၀၁၈ ဇူလိုင်မှာ စပြီးတော့ ဂျီနီဗာမှာ စတာဝန်ထမ်းဆောင်ပါတယ်။ အဲဒီကနေ နယူးယောက်ကို ၂၀၂၀ အောက်တိုဘာမှာ ရောက်လာတယ်။ ၂၀၁၆ နောက်ပိုင်းမှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို သွားနေတယ်။ တစတစလည်း တိုးတက်လာတာတွေ၊ တစတစလည်း လူ့အခြေခံအခွင့်အရေးတွေနဲ့ပတ်သက်ပြီး တိုးတက်လာတာတွေ လူတိုင်းမှာ ရှိလာတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ ရောက်တဲ့အချိန်မှာ စစ်အာဏာသိမ်းမှု ဖြစ်တယ်။ ကျနော့်မိန့်ခွန်းထဲမှာလည်း ပါပါတယ်။ ကျနော်တို့အနေနဲ့ အရင်လိုမျိုး တနေ့တနေ့ ကြောက်စိတ်တွေနဲ့ နေနေရမယ့် အနေအထားမျိုး ဘယ်သူမှ ပြန်မနေချင်ကြဘူး။ ကျနော်အပါအဝင် မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေအားလုံးပေါ့။ ဒါကြောင့်မို့ ဒီအခြေအနေမှာ လွန်ခဲ့တဲ့ ၂၀၁၁ အရှေ့ပိုင်းကို ဘယ်သူမှ ပြန်မသွားချင်ကြဘူးဆိုတာ လူတိုင်းမှာ ခံစားချက်ရှိပါတယ်။ အဲဒီလိုအနေအထားကနေ ၁ ရက် နောက်ပိုင်းမှာ ဆန္ဒပြမှုတွေ ရှိလာတယ်။ ဖြိုခွင်းတာတွေ ရှိလာတယ်။ ဒီလိုအခြေအနေမှာတော့ ကျနော် ပြည်သူပြည်သားထဲက တယောက်အနေနဲ့ ပြည်သူတွေရဲ့အသံကို ပြည်ပမှာလည်း နိုင်ငံတကာက သိစေချင်တယ်။ အဲဒီလိုမျိုး အခြေအနေလည်း ပေးလာတဲ့အတွက် ၂၆ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးမှာ မိန့်ခွန်းလေးတခု ပြောပြီး ပြည်သူတွေရဲ့ ဆန္ဒကို အသိပေးနိုင်ခဲ့တယ်။”

မေး - “အခုလို ပြောဆိုမှုကြောင့် သက်ရောက်လာမယ့် အကျိုးဆက်တွေ ဘယ်လိုရှိလာနိုင်မလဲ။”

ဖြေ - “ပြန်ခေါ်တာတို့၊ အလုပ်က အနားပေးတာတို့ ရှိလာမှာပေါ့။ အဲဒါတွေလည်း စဉ်းစားပြီးတော့ ကျနော့်မိန့်ခွန်းထဲမှာ ပါတဲ့ အခုလုပ်နေတဲ့ အရေးတော်ပုံ အောင်မြင်ရေးအတွက် ကျရာကဏ္ဍကနေ  ဆက်လက်ပြီး ဆောင်ရွက်သွားဖို့ ကျနော် ဆုံးဖြတ်ထားပါတယ်။”

မေး - “မနေ့ကတုန်းက သံအမတ်ကြီးရဲ့ မိန့်ခွန်း ပြောကြားပြီးသွားတဲ့အခါမှာ မြန်မာပြည်သူလူထုက စိတ်အားထက်သန်မှုတွေ အများကြီး ရလာခဲ့တာ ကျနော်တို့ ကြားရတယ်။ မြန်မာပြည်သူအတွက် ဒီမိန့်ခွန်းရဲ့သက်ရောက်မှု ဘယ်လောက်ရှိ အကျိုးသက်ရောက်မှု ရှိလာနိုင်မလဲခင်ဗျ။”

ဖြေ - “ကျနော့်ရဲ့ အဓိကရည်ရွယ်ချက်က ပြည်သူထဲက ပြည်သူတယောက်ဖြစ်တဲ့အတွက် အခုလိုမျိုး မြန်မာနိုင်ငံမှာ လမ်းတွေမှာပေါ်မှာ ဆန္ဒပြနေတဲ့သူတွေကိုလည်း ကျနော် အရမ်းကျေးဇူးတင်တယ်၊ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ သူတို့ ဒီလိုပြနေတဲ့အချိန်မှာ ပြည်ပမှာ ရောက်နေတဲ့ သံတမန်တယောက်အနေနဲ့ ဒီလိုမျိုးမျက်နှာစာမှာ နိုင်ငံအများအပြား တက်နေတဲ့အချိန်မှာ ကျနော်တို့ ပြည်သူတွေရဲ့အသံကို ကျနော့်အနေနဲ့ ပြောခွင့်ရတာကိုလည်း ကျေးဇူးတင်ပါတယ်။ ပြောရတဲ့အတွက်ကြောင့်လည်း အတိုင်းအတာတခုအထိ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ သိရှိသွားတယ်။ အဲဒီအတွက်လည်း နိုင်ငံမှာရှိတဲ့ သွေးချင်းညီအစ်ကိုတွေ စိတ်အားတက်စရာ တထောင့်တနေရာက လုပ်ပေးလိုက်နိုင်တဲ့အတွက် ကျနော် ဝမ်းသာပါတယ်။”

မေး - “ကျနော် အခု မြေနီကုန်း သပိတ်စစ်ကြောင်းအနီးအနားဝန်းကျင်ကနေ သံအမတ်ကြီးကို ကျနော် ဆက်သွယ်နေတာပါ။ ရဲတွေလိုက်လို့ ထွက်ပြေးလာလို့ ကျနော် ဖုန်းကျသွားတာခင်ဗျ။ ကျနော်တို့ အခု လက်ရှိအခြေအနေမှာ ဖမ်းဆီးမှုတွေ ခံနေရတဲ့အပေါ်မှာ သံအမတ်ကြီးအနေနဲ့ ဘယ်လိုမှတ်ချက်များ ပေးလို့ရလဲခင်ဗျ”

ဖြေ - “ကျနော်တို့ လူတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေ ဒီခေတ်ကြီးမှာ ကျနော်တို့နိုင်ငံ သွားနေတဲ့ အနေအထားမှာပဲ ဒါတွေက မဖြစ်သင့်တော့တဲ့ အခြေအနေပါ။ ဒီလိုတွေ ကြုံရတဲ့အတွက် ပြည်သူပြည်သားတွေအတွက် စိတ်မကောင်းပါဘူး။ အဲဒါတွေမဖြစ်ဖို့အတွက် ကျနော်တို့ အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ ကျနော်တို့ ဒီမိုကရေစီ ဖော်ဆောင်နိုင်မယ့် လမ်းကြောင်းကို အမြန်ပြန်ရောက်ဖို့နဲ့ ကျနော်တို့ လိုလားတောင့်တတဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ယူနီယံ အမြန်ဆုံး တည်ဆောက်နိုင်ဖို့အတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။”

မေး - “အခုလက်ရှိအစိုးရဆီက စစ်ခေါင်းဆောင်တချို့ရဲ့ အာဏာသိမ်းယူမှုအပေါ်မှာ တော်လှန်နေကြတဲ့ ကျနော်တို့ မြန်မာပြည်သူတွေရဲ့အပေါ်မှာ သံအမတ်ကြီးအနေနဲ့ ဘာများ မှတ်ချက်ပေးစရာ ရှိပါသလဲ”

ဖြေ - “‌အခု လူတွေ လမ်းမပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ပြတဲ့အပေါ် အရမ်းလည်း ဂုဏ်ယူမိတယ်။ အရမ်းလည်း ကျေးဇူးတင်တယ်။ အားလုံး အသက်အန္တရာယ် စွန့်လွှတ်ပြီး ဆောင်ရွက်နေကြတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ ဇွဲသတ္တိကို အရမ်းချီးကျူးပါတယ်။ ဒါပေမဲ့ အသက်အန္တရာယ် မဆုံးရှုံးဖို့အတွက် ထိခိုက်ဒဏ်ရာမရဖို့ အားလုံးစုပေါင်းပြီး ဉာဏ်အမြော်အမြင်နဲ့ ဆောင်ရွက်သွားဖို့။ ကျနော်တို့ အခု ဆောင်ရွက်နေတဲ့ အရေးတော်ပုံ အောင်မြင်ဖို့ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားကြဖို့။ ကျနော်တို့ အရမ်းကျေးဇူးတင် ဂုဏ်ယူနေတဲ့အကြောင်း အခွင့်သင့်တုန်း ကျနော် ပြောချင်ပါတယ်။”

မေး - “လက်ရှိစစ်ခေါင်းဆောင်တချို့အပေါ်ကို နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုတွေ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်း၊ လက်ရှိ ပြည်သူက တင်မြှောက်ထားတဲ့ အာဏာရအစိုးရဆီကို အာဏာပြန်ရောက်ရေးက ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်လဲ။ မြန်မာပြည်သူတွေ မျှော်လင့်သလို ဖြစ်လာနိုင်တဲ့ အနေအထားမျိုး ရှိလားနိုင်လား။”

ဖြေ - “နိုင်ငံတွေကနေ စိတ်ပိုင်း၊ ကိုယ်ပိုင်း ကူညီမှုတွေ ရှိပါတယ်။ ကျနော်တို့တွေ စိတ်ပိုင်းဆိုင်ရာ အားတက်တွေရှိအောင် စစ်ခေါင်းဆောင်တွေကို ရှုတ်ချတာတွေ၊ ပူးပေါင်းဆောင်ရွက်မှု မလုပ်တာတွေက ကျနော်တို့အတွက် အားဆေးတခွက်ပါ။ နောက်တဆင့် ကျနော်တို့ ပြန်လိုချင်တဲ့ နိုင်ငံတော်အာဏာ ပြည်သူ့ဆီ ပြန်ရောက်ဖို့အတွက် ဒါတွေက အားဆေးတွေပါ။ အဲဒီကနေ တဆင့် တဆင့် တက်ပြီးမှ ဒါကို အင်အားတခုအနေနဲ့ ကျနော်တို့ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ထပ်ပြောရရင် ကျနော်တို့အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အသက်အန္တရာယ် မရှိအောင် ပူးပေါင်းဆောင်ရွက်ရင်းနဲ့ ကျနော်တို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။”

မေး - “အခု စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုနဲ့ နိုင်ငံတကာမှာ ရှိနေတဲ့ သံရုံးတွေက ဝန်ထမ်းတွေရော စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတာ သံအမတ်ကြီး ဘယ်လို ထင်မြင်ယူဆပါလဲ။ ဝန်ထမ်းတွေက CDM လှုပ်ရှားမှုနဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ လုပ်နေပါတယ်။ အဲဒီအပေါ်မှာ သံအမတ်ကြီးအနေနဲ့ ဘယ်လိုပြောစရာရှိပါလဲ။”

ဖြေ - “CDM လုပ်နေတဲ့လူတွေကိုလည်း ကျနော် လေးစားပါတယ်။ သူတို့လည်း ခက်ခက်ခဲခဲ လုပ်နေရတဲ့ အပိုင်းတွေ ရှိတယ်ပေါ့။ အပြင်ဘက်က သံရုံးတွေအနေနဲ့ ပြည်ပမှာ ရောက်နေတဲ့ မြန်မာပြည်သူပြည်သားတွေကို ဆားဗစ်ပေးရတာဖြစ်တဲ့အတွက်ကြောင့် တချို့နေရာတွေမှာ ကျနော်တို့ ဆားဗစ်ပေးလိုက်မှ အပြင်မှာရှိတဲ့ မြန်မာနိုင်ငံသားတယောက်အနေနဲ့သူ လုပ်လို့ရနိုင်မယ့်အနေအထားတွေ ရှိတယ်။ ဥပမာ- ပတ်စပို့ သက်တမ်းကုန်တဲ့သူတယောက်က ကျနော်တို့ သံရုံးကနေ ပတ်စပို့ မတိုးပေးလိုက်နိုင်ရင် သူက ဒီမှာနေထိုင်ခွင့်ဗီဇာသက်တမ်းတိုးဖို့ အခက်အခဲ ဖြစ်သွားနိုင်တယ်။ အဲဒီလိုမျိုးတွေမှာ ကျနော်တို့ လုပ်ပေးနိုင်တာတွေ လုပ်ပေးလိုက်ခြင်းအားဖြင့် ပြည်ပမှာ အခက်အခဲမျိုးစုံနဲ့ နေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် အခက်အခဲကနေ ကျော်လွှားနိုင်မှာပါ။ အဲဒီလိုမျိုးတွေ အပိုင်းအခြားလေးတွေ ကျနော်တို့ လုပ်သွားနိုင်ရင် ကောင်းပါတယ်။ ဒါကြောင့် CDM လုပ်တဲ့သူတွေ ကျနော် အရမ်းချီးကျူးတယ်။ လေးစားတယ်။ ကျေးဇူးလည်းတင်တယ်။ ဒါမှလည်း ကျနော်တို့က ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မယ့်အနေအထား ရှိတာပါ။”

မေး - “အခုလက်ရှိ ပြည်သူ့ထံကို အာဏာအပ်နှင်းထားတဲ့ အစိုးရ ပြန်ရောက်ဖို့အတွက် မြန်မာပြည်မှာ ရှိနေတဲ့ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်တွေကို တွန်းလှန်ရာမှာ အဓိကလက်နက်က ဘယ်လက်နက်ဖြစ်မယ်လို့ သံအမတ်ကြီး ယုံကြည်ပါလဲ။”

ဖြေ - “စည်းလုံးညီညွတ်မှုနဲ့ ဇွဲလုံ့လရှိရှိ သွားဖို့ပါပဲ။ အဲဒီတချိန်တည်းမှာ နိုင်ငံတကာရဲ့ လိုအပ်တဲ့ ပံ့ပိုးမှုတွေနဲ့အတူ သွားနိုင်တယ်ဆိုရင် အချိန်တခုရောက်ရင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ရောက်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

မေး - “နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲမှာ အနိုင်ရထားပြီးတော့ ကိုယ်စားလှယ်တွေ ဖွဲ့စည်းထားတဲ့ CRPH ကို သံအမတ်ကြီးအနေနဲ့ ထောက်ခံတယ်လို့ ပြောတယ်ပေါ့။ အခုလက်ရှိ CRPH ရဲ့ တုံ့ပြန်မှုနဲ့ ပြည်သူတွေအနေနဲ့ CRPH ကို ဘယ်လောက်အထိ ယုံကြည်သင့်သလဲဆိုတဲ့ မှတ်ချက်စကားလေး ပြောပေးပါ။”

ဖြေ - “အခုအချိန်မှာတော့ ပြည်သူက ရွေးကောက်ထားတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့ထားတဲ့ CRPH ကိုတော့ ကျနော်တို့ အပြည့်အဝ ထောက်ခံဖို့လိုပါတယ်။ အဲဒီလို အပြည့်အဝ ထောက်ခံမှလည်း CRPH အနေနဲ့ ဆက်လုပ်သွားဖို့ရှိတာတွေ လုပ်သွားနိုင်မယ်။ ပြည်တွင်းအင်အား၊ ပြည်ပအင်အားတွေနဲ့ ပေါင်းစပ်ပြီးတော့ ပြည်သူတွေအတွက် လုပ်ပေးနိုင်တာတွေကို လုပ်ပေးဖို့အတွက် ကျနော်တို့ CRPH ကို ဝန်းရံပေးဖို့ လိုပါတယ်။ အဲဒါကြောင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တသံတည်း ထွက်ပြီးတော့ CRPH ကို ကျနော်တို့ ထောက်ခံ ဝန်းရံပေးမယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ တစတစနဲ့ ပိုနီးလာမှာပါ။”

မေး - “နိုင်ငံတကာအသိုင်းအဝိုင်းမှာ တရားဝင်အစိုးရဆီက အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှာ အသိအမှတ်ပြုတဲ့ ပြောဆိုမှုတွေ ရှိပါသလား။”

ဖြေ - “အခု ကျနော် ထိတွေ့တဲ့အပိုင်းမှာတော့ မကြားမိသေးပါဘူး။”

မေး - “တရားဝင်အစိုးရအဖြစ် လက်ရှိ အသိအမှတ်ပြုထားဆဲကတော့ ပြည်သူက တင်မြှောက်ထားတဲ့ တရားဝင်အစိုးရပဲလား။”

ဖြေ - “အခုအနေအထား ကြည့်ရင်တော့ ပြည်သူက ရွေးကောက်ထားတဲ့ ရွေးကောက်ခံကိုယ်စားလှယ်အနေနဲ့ ကျနော် ရောက်လာတယ်။ အဲဒီကိုယ်စားလှယ်အနေနဲ့ပဲ ကျနော် ဆက်ရှိနေတယ်ဆိုတာ ပြောခွင့်ပဲ ကျနော် ရပါတယ်။ အတိုင်းအတာတခုအထိတော့ လူတွေအနေနဲ့ အန်အယ်လ်ဒီအစိုးရကိုပဲ တော်တော်များများက ရွေး‌ကောက်ခံအစိုးရကို အာဏာပြန်ပေးဖို့၊ ဖမ်းဆီးထားတဲ့လူတွေ ပြန်လွှတ်ဖို့ဆိုတာ တောက်လျှောက် တောင်းဆိုနေတာပါ။”

မေး - “လက်ရှိ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ကိုင်မှုတွေက အာဏာမစွန့်ဘဲနဲ့ နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေ၊ သတင်းထောက်တွေကို ဖမ်းဆီးထားမှုကို ဆက်လက်ပြီး လုပ်လာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ဘယ်လောက်အထိ စိုးရိမ်စရာ ဖြစ်လာမလဲ။”

ဖြေ - “ကျနော်တို့ ဟိုအရင်ဘဝမျိုး ပြန်ရောက်သွားမှာ စိတ်ပူပါတယ်ခင်ဗျ။ အားလုံးလည်း အမြော်အမြင်ကြီးကြီးနဲ့ ရှေ့ရေး၊ ပြည်သူတွေရဲ့ ငယ်ရွယ်တဲ့မျိုးဆက်တွေရဲ့ အနာဂတ်၊ အဲဒါတွေကို မျှော်ကိုးပြီး အရင်လို အခြေအနေမျိုး မရောက်အောင် အားလုံး ဝိုင်းဝန်းပြီး ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျနော်တို့ အနာဂတ်မပျောက်ဖို့အတွက် မတရားထိန်းသိမ်းထားတဲ့ လူတွေကို လွှတ်ဖို့၊ ရွေးကောက်ခံအစိုးရကို အာဏာပြန်အပ်ဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ဒီမိုကရေစီလမ်းကို ဆက်လျှောက်လှမ်းသွားနိုင်မှပဲ ကျနော်တို့နိုင်ငံ အနာဂတ်အတွက် မျှော်လင့်ချက်ရှိမှာပါ။ ဒါကြောင့် အမြန်ဆုံး ကျော်လွှားသွားနိုင်ဖို့ ဆုတောင်းနေပါတယ်။”

မေး - “ကျနော် မေးတဲ့ မေးခွန်းတွေထဲမှာ မေးသင့်ပြီး ကျန်ခဲ့တဲ့ မေးခွန်းတွေ၊ သံအမတ်ကြီးအနေနဲ့ အရေးကြီးပြီး ပြောသင့်တယ်ဆိုတဲ့ စကားလုံးတွေရှိတယ်ဆိုရင် ပြောပေးပါဦး။”

ဖြေ - “ညီအစ်ကို မောင်နှမ သွေးချင်းသားချင်းတွေ အကုန်လုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အတူတကွ လက်တွဲဆောင်ရွက်နေတာကိုလည်း ကျေးဇူးတင်တယ်။ ဆက်လက်ဆောင်ရွက်သွားဖို့ ကျနော် မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။

မေး - “တကယ်လို့များ စစ်ကောင်စီဘက်က သံအမတ်ကြီးကို မြန်မာပြည် ပြန်လာခဲ့ဖို့ ခေါ်ခဲ့သော် သံအမတ်ကြီးအနေနဲ့ ပြန်လာဖို့ရှိပါသလား။ ဒီကို ပြန်ရောက်လာရင် နိုင်ငံခြားရေးဝန်ကြီးရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ရှိပါသလား။”

ဖြေ - “ဒါကတော့ အခု ဖြစ်လာမယ့်အနေအထားကို ကြည့်ပြီးတော့ ကျနော် ဆောင်ရွက်သွားဖို့ ရှိတော့ ဒီအခြေအနေမှာ ကျနော့်အနေနဲ့ ဖြေဖို့ခက်နေသေးတယ်။ တိုးတက်လာတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ အနာဂတ်မှာ ကျနော် ဆုံးဖြတ်သွားဖို့ ရှိပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024