ရက် ၂၀ မြောက် ပခုက္ကူမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြတဲ့ သပိတ် စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် လူစုခွဲပြီး ၁၅ ယောက်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆန္ဒပြပွဲ ဦးဆောင်လာသူ တစ်ဦး၊ ကျောင်းဆရာ/ဆရာမတွေ အပါအဝင် ကြက်ခြေနီ အဖွဲ့ဝင်တွေလည်း ဖမ်းဆီးခံရပြီး အချုပ်ကားပေါ် ဆွဲတင်သွားတယ်လို့သိရပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ ရှိနေသူတဦးက “ခုချိန်ထိတော့ မှန်တဲ့သူတွေတော့ မရှိသေးဘူး။ တောက်လျှောက်ထောင်ဖောက်ပြီး လူတောထဲကို ကျော်ပစ်နေတယ်။ လူတော့မှန်တဲ့သူ မရှိသေးဘူး။ ဆွဲတဲ့သူတွေတော့ တော်တော်များသွားပြီ၊ ဆရာမတွေကတော့ တော်တော်များတယ် ဆယ်ဦးလောက်အထိပါသွားတယ်။ ပထမဆုံးအဆွဲခံရတာကတော့ တပ်ဦးက တစ်ယောက်ဆွဲသွားတာ။ ရဲရော စစ်တပ်ကော၊ အရင်ဆုံး သံပုံးတွေ ပစ်ဖောက်ပြီး တောက်လျောက်ဝင်ဆွဲတော့တာပဲ" လို့ ပြောပါတယ်။
စစ်တပ်နဲ့ ရဲပူးပေါင်းပိတ်ဆို့မှုတွေကို ပခုက္ကူမြို့ရဲ့ အာဇာနည်လမ်း၊ ဗိုလ်ချုပ်လမ်းမကြီး ထောင့်နေရာမှာ မနက်ခင်းကတည်းက ပိတ်ဆို့ စောင့်ကြည့်နေခဲ့ကြလို့ ဆိုပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ ရှိနေသူ ကိုချစ်မင်းလှိုင်က "သီဟိုရ်ရှင် ဘုရားကြီးနားမှာတော့ ၆ ယောက်လောက်ပါသွားတယ်ခင်ဗျ။ ဆရာမတွေ စစ်ကြောင်းမှာတော့ ၇ ယောက် ၈ ယောက်လောက်တော့ ဆွဲတယ်" လို့ ပြောပါတယ်။
ဆန္ဒထုတ်ဖော်မှုကို ပခုက္ကူမြို့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်ကာ နေ့စဉ် မနက် ၉ နာရီ ကစပြီး ပြည်သူတွေ ဆန္ဒဖော်ထုတ်နေကြတာလည်း ဖြစ်ပါတယ်။
ခင်ပြည့်စုံဝင်း