မဲဆောက် မြန်မာဆရာတော်များ တရားဝင်ကျောင်းထိုင်ခွင့်ရရေး ကြိုးပမ်း
DVB
·
October 11, 2013
မဲဆောက်မြို့ မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာ မြန်မာကျောင်းထိုင်ဆရာတော်တွေ တရားဝင် ကျောင်းထိုင်ခွင့်ရရေး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ကြိုးစားနေပါတယ်။
ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့မှာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်း ရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်း ၃ ကျောင်းထံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းကိုယ်တိုင် လာရောက်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက “အဓိကက မဲဆောက်နယ်မြေမှာ မြန်မာဘုန်းတော်ကြီးကျောင်း ၃ ကျောင်းမှာ မြန်မာကျောင်းထိုင်တွေ သီတင်းသုံးနေတယ်လို့ သိရတယ်။ အဲဒီကျောင်းထိုင် အဲဒီမြန်မာသံဃာတော်တွေ တရားဝင်တဖက်ကနေပြီးတော့ မြန်မာနဲ့ ထိုင်း နှစ်ဘက်အစိုးရ သက်ဆိုင်ရာ အဖွဲ့အစည်းများပေါ့နော်။ သူတို့ရဲ့ အသိအမှတ်ပြုတဲ့ တရားဝင်ကျောင်းထိုင်သံဃာတွေ ဖြစ်မြောက်ရေးအတွက် အခုလို လာတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိ ကျောင်းထိုင်မြန်မာဘုန်းတော်ကြီးတွေ၊ ဂေါပကအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကျောင်းထိုင်တဲ့ မြန်မာဘုန်းတော်ကြီးတွေ တရားဝင် အသိအမှတ် ပြုခွင့်ရရှိရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။
လက်ထောက်ကျောင်းထိုင်ဆရာတော် ဦးကေသရက “အခု သံအမတ်ကြီး လာကူညီပေးတဲ့အခါကျတော့ ဆရာတော်ကလည်း အတိုင်းထက် အလွန် ၀မ်းသာတယ်။ ဦးဇင်း အခန်းကဏ္ဍအနေနဲ့လည်းပဲ တအားဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့ မြန်မာကျောင်းဟာ ထာဝရ မြန်မာကျောင်းဖြစ်သွားလိမ့်မယ်” လို့ မိန့်ပါတယ်။
ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာ မူလ မြန်မာ ကျောင်းထိုင် ဘုန်းတော်ကြီးတွေနေရာမှာ ထိုင်းကျောင်းထိုင်ဘုန်းကြီးနဲ့အစားသွင်းတဲ့ အဖြစ်အပျက်တွေ အစားသွင်းဖို့ ကြိုးစားတဲ့ အဖြစ်အပျက်တွေ ချင်းမိုင်၊ ချင်းရိုင်၊ မယ်စရီးယန်းနဲ့ မဲဆောက်မြို့မှာ ဖြစ်ပွားခဲ့ဖူးပါတယ်။
အရင်က ရှိတဲ့ မြန်မာဘုန်းကြီးကျောင်းတွေမှာ မြန်မာကျောင်းထိုင်တွေ ကွယ်လွန်သွားတဲ့ အခါ မြန်မာကျောင်းထိုင်တွေ ဆက်လက် ကျောင်းထိုင်ခွင့်မရတောတာကြောင့် တဖြည်းဖြည်းနဲ့ မြန်မာကျောင်းတွေ ပျောက်ခဲ့ရပါတယ်။
ဒါ့ကြောင့် အစဉ်အဆက် မြန်မာကျောင်းထိုင်ဘုန်းကြီး ရှိခဲ့တဲ့ကျောင်းတွေကို ဆက်လက်တည်မြဲနေစေဖို့ ၂ နိုင်ငံ အစိုးရအကြား ဆွေးနွေးဆောင်ရွက်နေတာ ဖြစ်ပါတယ်။