ဦးဝဏ္ဏမောင်လွင်နှင့် တရားဝင်တွေ့ဆုံခြင်းမဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ပြော

အာဏာသိမ်းစစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီစဉ်ဟာ   ထိုင်းနိုင်ငံအနေနဲ့ တရားဝင်တွေ့ဆုံတာမဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက ပြောပါတယ်။ 

ဝန်ကြီးချုပ်ဟာ  ဖေဖော်ဝါရီ ၂၄ ရက် ညနေက ထိုင်းအမျိုးသားရဲဌာနချုပ် အစည်းအဝေးခန်းကနေထွက်အလာ သတင်းထောက်တွေရဲ့ အမေးကို ခုလိုဖြေကြားခဲ့တာပါ။ 

“ဒါဟာတရားဝင်တွေ့ဆုံတာ မဟုတ်ပါဘူး။ နားလည်လား၊ ကိစ္စတိုင်းကို လာမမေးနဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အလုပ်ပဲ။ သူ့အလုပ် သူလုပ်နေတယ်။ တို့က မိတ်ဆွေနိုင်ငံအနေနဲ့ သူပြောတာကို နားထောင်ပေးရမယ်။ တို့က အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ အချင်းချင်း အားပေးရမယ်၊ အရာရာအဆင်ပြေစေဖို့ အားပေးစကားတွေပြောလိုက်တယ်။” 

မြန်မာစစ်ကောင်စီကတော့ ဦးဝဏ္ဏမောင်လွင်ဟာ ထိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ခေါ်ချက်အရ ထိုင်းနိုင်ငံကို သွားရောက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ရော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။  ထိုင်းအစိုးရကတော့ ဒီသတင်းကို တရားဝင် ထုတ်ပြန်ခြင်းမပြုခဲ့ပါဘူး။ 

လတ်တလော မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့စောင့်ကြည့်ခြင်းကို ခံနေရတဲ့နိုင်ငံဖြစ်တာ ကြောင့် ဦးဝဏ္ဏမောင်လွင်ထိုင်းကိုလာတဲ့ကိစ္စ ဖုံးဖိထားတာဟာ လူတွေကို လိုရာအမျိုးမျိုးဆွဲတွေး စေနိုင်တယ်လို့ ထိုင်းနိုင်ငံလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ နိုင်းဆူနိုင်း ဖားဆုခ်က ထိုင်း ပီဘီအက်စ်သတင်းမှာ ပြောပါတယ်။ 

အာဏာသိမ်းအစိုးရရဲ့ ဝန်ကြီးကို ထိုင်းနိုင်ငံထဲအဝင်ခံလိုက်တာဟာ နိုင်ငံတကာ အမြင်မှာ ထိုင်းဟာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်ခံလိုက်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်သွားရာရောက်ကြောင်း၊ အာဆီယံနိုင်ငံက မြန်မာရွေးကောက်ပွဲပြန်ကျင်းပဖို့ အကြံပြုတာဟာ လည်းသူများနိုင်ငံအတွင်းရေးကို စွက်ဖက်ရာကျပြီး မြန်မာပြည်သူလူထုရဲ့ ဆန္ဒကိုလည်း ဆန့်ကျင်ရာကျတယ်လို့ နိုင်းဆူနိုင်းက ပြောပါတယ်။

မြန်မာစစ်အာဏာသိမ်းကိစ္စမှာ အမေရိကန်က အတိအလင်းကန့်ကွက်ထားတာကြောင့် ထိုင်း နိုင်ငံက မြန်မာစစ်အာဏာသိမ်းအစိုးရကို ထောက်ခံရင် အမေရိကန်နဲ့ ဆက်ဆံရေးလျော့သွားမှာ ကိုလည်း ထိုင်းပြည်သူတွေက စိုးရိမ်နေကြပါတယ်။ 

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ လက်ရှိအစိုးရကလည်း စစ်ကောင်စီအစိုးရဖြစ်ပြီး ကျောင်းသား ပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုတွေ ရင်ဆိုင်နေရတာကြောင့်  ထိုင်းအစိုးရနဲ့ မြန်မာ စစ်ကောင်စီ အစိုးရဟာ  အတူတူဘဲလို့လည်း လူမှုကွန်ရက်မှာ ဝေဖန်နေကြပါတယ်။

Photo-DSINFO

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up