Home
ဆောင်းပါး
မြတ်သောဗုဒ္ဓလား၊ ယုတ်သောဒေဝဒတ်လား
DVB
·
February 25, 2021

ဗုဒ္ဓဘာသာဘုန်းတော်ကြီးလို့ အမည်ခံထားသူတစ်ဦးက “ခေတ်ကိုပြောင်းဖို့၊ ခေါင်းကိုပစ်” ဆိုတဲ့လမ်းညွှန်ချက်ကို ပေးတဲ့အတွက် အာဏာသိမ်းကောင်စီ ဆန့်ကျင်ရေးဆန္ဒပြပွဲ နှိမ်နင်းရေးလက်နက်ကိုင်တွေက ဆန္ဒပြသူတွေရဲ့ ဦးခေါင်းကို တည့်တည့်ချိန်ပြီး ပစ်နေတာလို့ ရေးထားတာ တစ်နေ့က ဖတ်လိုက်ရပါတယ်။ အဲဒီဘုန်းကြီး ဆိုသူ ဟာ ထူးထူးဆန်းဆန်းကျင့်စဉ်ကို ကျင့်သူဖြစ်တယ်လို့လည်း ရေးထားတယ်။ “ဝစီပိတ်ကျင့်စဉ်” တဲ့။ စကား မပြောဘဲ ပါးစပ်ပိတ်နေတဲ့ကျင့်စဉ်ပေါ့။

ဝစီပိတ်ကျင့်စဉ်ဆိုတာ ဗုဒ္ဓဘာသာမှာ ရှိသလား၊ အဲဒီကျင့်စဉ်ကို ကျင့်ရင် ဘာအကျိုးကျေးဇူးရသလဲ၊ ဒီလို ကျင့်စဉ်မျိုးကျင့်ပြီး ဒီလိုစကားမျိုးပြောနေတာကို ရဟန်းသံဃာလို့ သတ်မှတ်နိုင်သလား စတဲ့မေးခွန်းတွေ ပေါ်လာပါတယ်။ အဖြေကိုတော့ အောက်မှာ ဖတ်ကြည့်ပါ။

ဗုဒ္ဓဘာသာမှာ ကျင့်စရာကျင့်စဉ်က မဂ္ဂင်ရှစ်ပါးပဲ ရှိပါတယ်။ လူအချင်းချင်းကြားမှာ ကျင့်သုံးရတဲ့ လူမှု ဆက်ဆံရေးအကျင့်တွေပါပဲ။ ဒီမဂ္ဂင်ရှစ်ပါးမှာ သမ္မာဝါစာ ( သမာတဲ့ပြောဆိုမှု)က တစ်ပါးအပါအဝင် ဖြစ်ပါတယ်။ လူလူချင်းပြောဆိုဆက်ဆံတဲ့အခါ သမာသမတ်ကျကျ ပြောဆိုရမယ်လို့ ဆိုလိုတာပါပဲ။ ဘာမှ မပြောမဆိုတဲ့ ဝစီပိတ်ကျင့်စဉ်ကို ကျင့်သုံးရမယ်လို့ ညွှန်ပြထားတာတော့ ဗုဒ္ဓဘာသာဆိုင်ရာကျမ်းစာတွေမှာ မပါဝင်ပါဘူး။ ဒီလိုကျင့်စဉ်ကို သာမန်အသိဉာဏ်နဲ့ စဉ်းစားသုံးသပ်လို့ပင် ရပါတယ်။ ဘာမှမပြောဘဲနေလို့ တရားရမယ်ဆိုရင် စကားမပြောနိုင်တဲ့ ဆွံ့အသူများဟာ တရားရဖို့ အနီးစပ်ဆုံးလူတွေ ဖြစ်နေတော့မှာပေါ့။

ဝစီပိတ်ကျင့်တဲ့ ဘုန်းကြီးဆိုသူက သူ့ကိုးကွယ်သူကို ပေးတဲ့ ဆုံးမဩဝါဒက  “ခေတ်ကိုပြောင်းဖို့၊ ခေါင်းကိုပစ်” တဲ့။ ဒီစကားကိုကြည့်ရင် သူကျင့်တဲ့ ဝစီပိတ်ကျင့်စဉ်ဟာ သူ့အတွက်ရော၊ လူ့လောကအတွက်ပါ ကောင်းကျိုး ရစေတဲ့ ကျင့်စဉ်မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ တိုင်းပြည်ပျက်စီးစေတဲ့ ဒုစရိုက်မှုကြီး ( Crime against Humanity) ကို ကျူးလွန်ဖို့ အထိ အကုသိုလ်စိတ်တွေရှိနေတာ ငြင်းလို့မရဘူး။ သူက အလဇ္ဇီဘုန်းကြီးဖြစ်ရုံမက ပါရာဇိကပါ ကျသွားတယ်။ လူသတ်ဖို့လမ်းညွှန်တာဆိုတော့ ရဟန်းအဖြစ်က ဆုံးရှုံးသွားတယ်။ ရဟန်း မဟုတ် တော့ဘူး။ သင်္ကန်းကို ဆက်ရုံထားရင် ရဟန်းတုရဟန်းယောင်ပဲ ဖြစ်မယ်။

သူ ပြောတဲ့အတိုင်း လိုက်လုပ်ကြသူတွေ ( ခေါင်းကို ပစ်ဖို့ အမိန့်ပေးသူရော၊ ပစ်သူတွေပါ)ဟာ ရာဇဝတ်မှု ကျူးလွန်တဲ့ အကုသိုလ်ကောင်တွေ ဖြစ်သွားတယ်။ လူ့လောကကောင်းဖို့ ဆန္ဒပြနေသူတွေက အသက်ပေးလိုက်ရတယ်။ ပစ်ခတ်သတ်ဖြတ်မှုကြောင့်  မြန်မာပြည်ဟာ ပစ္စန္တရာဇ်( အရိုင်းနယ်မြေ) ဖြစ်သွားတယ်။ ကောင်းကျိုး တစ်ခုမှ မရှိဘူး။

ဗုဒ္ဓဘာသာသမိုင်းကိုကြည့်ရင် အဲဒီလို ဘုန်းကြီးမျိုးဟာ မူလကတည်းက ဗုဒ္ဓဟောကြားတဲ့ တရားကို ကျင့်သုံး ဟောပြောတဲ့ သံဃာ မဟုတ်ပါဘူး။ ဒေဝဒတ်ရဲ့ ဂိုဏ်းသားလို့သာ ပြောရပါမယ်။ ဗုဒ္ဓနဲ့ ဒေဝဒတ်ရဲ့ အကြောင်းကို နှိုင်းယှဉ်ကြည့်ရင် အဲဒီသင်္ကန်းဝတ်ဟာ ဒေဝဒတ်ဂိုဏ်းသားပဲလို့ သေချာပေါက်ပြောနိုင်တယ်။

ဗုဒ္ဓဟာ လူ့လောကငြိမ်းချမ်းဖို့အတွက် မဂ္ဂင်ရှစ်ပါး သမ္မာတရားတွေကို ကျင့်သုံးရမယ်လို့ပြောခဲ့တယ်။ ဗုဒ္ဓ နောက်လိုက် သံဃာတွေဟာ မဂ္ဂင်ရှစ်ပါးသမ္မာတရားကို ကိုယ်တိုင်ကျင့်သုံးတဲ့နည်းနဲ့ တရားရှင်တွေဖြစ်အောင် ကျင့်ကြံကြရပါတယ်။ သူတို့ထံ ဆည်းကပ်သူတွေကိုလည်း မဂ္ဂင်ရှစ်ပါး သမ္မာတရားတွေ ကျင့်ဖို့ တိုက်တွန်း ဟော ပြောရပါတယ်။ ကျင့်သုံးပုံကျင့်သုံးနည်းများ ညွှန်ပြရပါတယ်။ ဒီလိုနည်းနဲ့ လူ့လောကကို ငြိမ်းချမ်းရေး ရပ်ဝန်း ဖြစ်အောင် ဖော်ဆောင်ကြပါတယ်။ လောကကို စောင့်ရှောက်သူများလို့ ဆိုရပါမယ်။ 

ဒေဝဒတ်က ဗုဒ္ဓနဲ့ ဆန့်ကျင်ဘက်ပါ။ သူက ငြိမ်းချမ်းရေးမြတ်နိုးသူမဟုတ်ဘူး။ ကျော်ကြားချင်တယ်။ လူအထင်ကြီးမှုကို ရချင်တယ်။ အာဏာရှိချင်တယ်။ ဒါကြောင့် သူ့ကျင့်စဉ်တွေက လူအထင်ကြီးအောင် ဖန်တီးထားတဲ့ကျင့်စဉ်တွေပါ။ မြို့ရွာထဲမှာ မနေဘဲ တောထဲမှာပဲ နေရမယ်။ သစ်ပင်အောက်မှာပဲ နေရမယ်။ ပံ့သကူသင်္ကန်းပဲ ဝတ်ရမယ်။ ကိုယ်ဘာသာပဲ ဆွမ်းခံစားရမယ်။ အသားမစားရဘူး။ သူ့ဂိုဏ်းသားတွေက ဒီကျင့်စဉ်ငါးမျိုးကိုပဲကျင့်ရတယ်။ ဒါတွေကို တရားရဖို့ကျင့်စဉ်တွေလို့ သူ သတ်မှတ်တယ်။ တကယ်က ဒါတွေဟာ တရားနဲ့ ဘာမှ မဆိုင်ပါဘူး။ ဒါတွေကျင့်လို့ တရားရစရာ မရှိပါဘူး။ ဒါပေမဲ့ လူတွေကတော့ ဒီလိုထူးထူးဆန်းဆန်း အကျင့်မျိုးကျင့်ရင် အထင်ကြီးတတ်ပါတယ်။ ဒီလို ထူးဆန်းပြီးခက်ခဲတဲ့အကျင့်မျိုးကို ကျင့်တဲ့သူတွေမှာ တန်ခိုးရှိတယ်လို့လည်း လူတွေက ယုံနေတတ်တယ်။ ဒေဝဒတ်ကိုယ်တိုင်ကလည်း သူ့မှာ တန်ခိုးရှိတယ် ဆိုတာမျိုး ကြော်ငြာတယ်။ မြွေတွေကို တစ်ကိုယ်လုံး ပတ်ပြတယ်လို့ စာထဲမှာ ‌ဖတ်ရတယ်။

 လူအထင်ကြီးမှုကိုရပြီး ကျော်ကြားလာတဲ့အခါ အာဏာရှိသူတွေက ချဉ်းကပ်လာစမြဲပါ။ ဒါကိုလည်း ဒေဝဒတ်က ကောင်းကောင်းသိတယ်။ အာဏာရှင်တွေကို မျှားတဲ့ကျင့်စဉ်တွေပေါ့။  အာဏာတပ်မက်တဲ့ အဇာတသတ်က တန်ခိုးရှိတယ်လို့ နာမည်ကြီးတဲ့ဒေဝဒတ်ကို ကိုးကွယ်တော့တာပေါ့။ ဒေဝဒတ်က အဇာတသတ်မင်းသားရဲ့ အာဏာရူးနေတဲ့အဖြစ်ကို ကောင်းကောင်းသိပါတယ်။ ဒါကြောင့် ဒေဝဒတ်က ဘာအကြံပေးသလဲဆိုတော့ “ ဘုရင်ဖြစ်ချင်ရင် ဘုရင်ကို သတ်” လို့ လမ်းညွှန်လိုက်တာပေါ့။ သူကိုယ်တိုင်ကလည်း “ဘုရားဖြစ်ချင်ရင် ဘုရားကိုသတ်”ဆိုတဲ့ သဘောတရားကိုပဲ လက်ခံကျင့်သုံးခဲ့တယ်။ ဒေဝဒတ်က ဗုဒ္ဓကို လုပ်ကြံတာတွေ၊ အဇာတသတ်က ရှင်ဘုရင်ဖြစ်နေတဲ့ ဖခင်အရင်းကို သတ်ဖြတ်တာတွေ စာပေမှာ အထင်အရှားရှိတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာထွန်းကားတယ်ဆိုပေမဲ့ ဗုဒ္ဓကျင့်စဉ်နဲ့ ဒေဝဒတ်ကျင့်စဉ်ဟာ အပြိုင်တည်ရှိနေတယ်။ အာဏာရှင်စနစ်တွေ ထွန်းကားခဲ့တာဆိုတော့ အာဏာရှင်တွေနဲ့ ပေါင်းပြီး ကိုယ်ကျိုးစီးပွားရှာနေကြတဲ့ ဒေဝဒတ်ဂိုဏ်းသားတွေလည်း အရေအတွက်မနည်းခဲ့ဘူးလို့ ပြောနိုင်ပါတယ်။ မျက်မှောက်ခေတ်မှာလည်း ဗုဒ္ဓရဲ့တရားကို ကျင့်သုံးဖြန့်ဖြူးတဲ့ သံဃာနဲ့ ဒေဝဒတ်ဂိုဏ်းသားတွေဟာ ရောနှောနေပြီး ခွဲခြားရခက်နေတယ်။ “သင်္ကန်းဝတ်ထားရင် ပြီးပြီ ၊ ခွဲခြားသိစရာ မလိုအပ်ဘူး၊ ခွဲခြားဖို့ မလိုအပ်ဘူး” ဆိုတဲ့ အယူအဆကလည်း လွှမ်းမိုးနေခဲ့တယ်။ သံဃာ့ဂုဏ်တော်ကို ရွတ်ပဲ ရွတ်ကြတယ်။ သံဃာစစ်လား သံဃာတုလား စစ်ဖို့အတွက် လက်တွေ့ အသုံးမချတတ်ကြဘူး။

ယခုတော့ တိုင်းပြည်မှာ အရေးတော်ပုံကြီး ပေါ်ပေါက်နေပါပြီ။ ဒီအရေးတော်ပုံကြီးဟာ အာဏာရှင်စနစ်ကို အပြတ်ချေမှုန်းတဲ့ အရေးတော်ပုံကြီးဖြစ်တယ်။ ဒီအရေးတော်ပုံကြီးဟာ ဒီမိုကရေစီစနစ် ချစ်မြတ်နိုးသူများအတွက် သေရေးရှင်ရေးတိုက်ပွဲကြီးလည်းဖြစ်တယ်။

ဒီအရေးတော်ကြီးအတွင်းမှာ ဒေဝဒတ်ဂိုဏ်းသား ရဟန်းတုရဟန်းယောင်များက အာဏာရှင်တွေကို အားပေး ထောက်ခံနေကြတယ်။ ပဋိပက္ခတွေဖြစ်အောင် သွေးထိုးပေးနေကြတယ်။ အဓိကရုဏ်းတွေ ဖြစ်အောင် လှုံ့ဆော် ပေးနေကြတယ်။ အာဏာရှင်က ပေးတဲ့ စည်းစိမ်ချမ်းသာတွေ၊ ဘွဲ့ထူးဂုဏ်ထူးတွေနောက်ကို တကောက်ကောက် လိုက်ပြီး အာဏာစက် ထူထောင်နေကြတယ်။ အာဏာရှင်ကို အများပြည်သူလက်ခံအောင် မှိုင်းတိုက်နေကြတယ်။ အာဏာရှင်တွေရဲ့ ဝေစုကို ယူပြီး အများပြည်သူကို အာဏာရှင်စနစ်ကြီးအောက်ထဲ ရောက်အောင် ချောက်တွန်း နေကြတယ်။ ခေတ်ကိုပြောင်းဖို့ ခေါင်းကိုပစ်ခိုင်းနေတယ်။

ဒါကြောင့် ဒီအချိန်မှာ သင်္ကန်းဝတ်ရုံထားသူမှန်သမျှကို  ရဟန်းစစ် ရဟန်းမှန်လား၊ ရဟန်းတု ရဟန်းယောင်လား သိဖို့ အရေးတကြီးလိုအပ်လာပါတယ်။ ဗုဒ္ဓသံဃာလား၊ ဒေဝဒတ်ဂိုဏ်းသားလားဆိုတာ မဖြစ်မနေ ခွဲခြားရပါတော့မယ်။ ( ပြည်သူ့ရဲလား၊ အာဏာရှင်ပါးကွက်သားလား။ ပြည်သူ့တပ်မတော်သားလား၊ အာဏာရှင်ရဲ့ ကြေးစားလက်နက်ကိုင်လား။ ပြည်သူ့ဝန်ထမ်းလား၊ အာဏာရှင် အမှုထမ်းလား။ ဒါတွေကို ကွဲကွဲ ပြားပြားသိဖို့  အရေးကြီးသလိုပါပဲ)။ ပြည်သူ့သံဃာလား၊ အာဏာရှင်ရဲ့ဘုန်းကြီးလား ကွဲကွဲပြားပြား သိထားမှ ဒေဝဒတ်ဂိုဏ်းသားကို မကိုးကွယ်မိမှာ ဖြစ်တယ်။ “ခေတ်ကို ပြောင်းဖို့ ခေါင်းကိုပစ်” ခိုင်းတဲ့ ရဟန်းတု ရဟန်းယောင်မျိုးကို နှိမ်နင်းနိုင်မှာ ဖြစ်တယ်။ အာဏာရှင်စနစ်ကို အားပေးတဲ့ ဘာသာရေးမှိုင်းတိုက်တာကနေ လွတ်မြောက်မှာ ဖြစ်တယ်။

မိမိတို့ ကိုးကွယ်ဆည်းကပ်နေတဲ့ဘုန်းကြီးကို အောက်က မှတ်ကျောက်တွေနဲ့ စိစစ်ပါ။

(၁)   ဗုဒ္ဓရဲ့ လမ်းညွှန် “မဂ္ဂင်ရှစ်ပါးသမ္မာတရား” ဆိုတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ကျင့်သုံးသူလား၊ ဒါမှမဟုတ် ဒေဝဒတ်ရဲ့ လမ်းညွှန် “ ဘုရင်ဖြစ်ချင်ရင် ဘုရင်ကိုသတ်” ဆိုတဲ့ အကြမ်းဖက်ဝါဒကို ကျင့်သုံးသူလား။

(၂) ပြည်သူလူထုဘက်မှာ ရပ်တည်သူလား။ ဒါမှမဟုတ် အာဏာရှင်ဘက်မှာ ရပ်တည်သူလား။

(၃) အများပြည်သူအကျိုးစီးပွားကို ကြိုးပမ်းဆောင်ရွက်နေသူလား။ ဒါမှမဟုတ် အာဏာရှင်ရဲ့ ဝေစုကို ယူပြီး စည်းစိမ်ချမ်းသာနောက်လိုက်နေသူလား။

(၄) မြတ်သောဗုဒ္ဓရဲ့ တပည့်သာဝကလား။ ဒါမှမဟုတ် ယုတ်သောဒေဝဒတ်ဂိုဏ်းသားလား။

ဗုဒ္ဓက သံဃာတွေကို “အများပြည်သူရဲ့ ကောင်းကျိုး ချမ်းသာကို ဆောင်ရွက်ကြ ၊ လောကကို စောင့်ရှောက်ကြ” (ဗဟုဇနဟိတာယ၊ ဗဟုဇနသုခါယ၊ လောကာနုကမ္ပာယ )  လို့ ဟောခဲ့ပါတယ်။  ဒေဝဒတ်ကတော့ အာဏာရူး အဇာတသတ်မင်းသားကို အာဏာရှင်ဖြစ်အောင် တိုက်တွန်းအားပေးခဲ့ပါတယ်။ အာဏာရှင်ရဲ့ အကျိုးကိုပဲ ဆောင်ရွက်ပေးခဲ့တယ်။ လောကကို မစောင့်ရှောက်ဘဲ ဖျက်ဆီးခဲ့ပါတယ်။ လက်ရှိအနေအထားမှာ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် အာဏာရှင်တွေဘက်က ရပ်ပြီး အကြမ်းဖက်ဝါဒကို ကျင့်သုံးဖို့ လမ်းညွှန်နေတဲ့ ရဟန်းတု ရဟန်းယောင်တွေကို မဆည်းကပ်ဖို့၊ မကိုးကွယ်ဖို့၊ မထောက်ပံ့ဖို့ ၊ မဆက်ဆံဖို့ ၊ ဝေးစွာရှောင်ကြဉ်ဖို့ ၊ အလွန်အရေးကြီးပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို မြတ်နိုးတဲ့ ဗုဒ္ဓဘာသာဝင်မှန်သမျှ အပူတပြင်း လိုက်နာရမယ့် တာဝန်ဖြစ်ပါတယ်။       ။

( မောင်သာမည)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024