A d v e r t i s e m e n t With Us

ဖယ်ခုံမြို့နယ် ရပ်/ကျေးလူထုကိုယ်စားပြု စီမံခန့်ခွဲရေးကောက်မတီ ဖွဲ့စည်းရန် သဘောတူ

အာဏာသိမ်းစစ်ကောင်စီက  ခန့်အပ်လာတဲ့ အုပ်ချုပ်ရေးမှူးတွေကို အလိုမရှိတာကြောင့်   ကိုယ်ပိုင်အုပ်ချုပ်တဲ့အနေနဲ့  ရပ်/ကျေးလူထုကိုယ်စားပြုစီမံခန့်ခွဲရေးကောက်မတီကို ဖွဲ့စည်း နေတယ်လို့  ဖယ်ခုံမြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု ၁၉ အုပ်စုက ကြေညာပါတယ်။

ဖယ်ခုံမြို့နယ် ရပ်/ကျေးအုပ်စု ၁၉ အုပ်စုရဲ့  အုပ်ချုပ်ရေးမှူးတွေက ဖေဖော်ဝါရီ ၁၆ ရက်နေ့က အစည်းအဝေးပြုလုပ်ကာ ရပ်/ကျေးလူထုကိုယ်စားပြု စီမံခန်ခွဲရေးကော်မတီကို ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြတာလို့ ကော်မတီဝင် ခွန်းထက်စိုးက ပြောပါတယ်။

“အဓိကကတော့ လက်ရှိက မြို့နယ်မှာ စစ်ကောင်စီကနေပြီးမှ အဓမ္မခန့်အပ်လာတဲ့ အုပ်ချုပ်ရေးမှူးတချို့ရှိတယ်။ အဲဒီအုပ်ချုပ်ရေးမှူးတွေက ကျနော်တို့ လူထုသဘောထားလည်း မပါဘူး။ ကျနော်တို့ ဆန္ဒလည်း မပါဘဲနဲ့ အတင်းအဓမ္မ ပြည်နယ်အလိုက် မြို့နယ်အလိုက်ကို ပြန်ခန့်အပ်လာတဲ့ဟာကို အလိုမရှိတဲ့အတွက်ကြောင့်  ဖယ်ခုံတမြို့နယ်လုံး အုပ်စုအုပ်ချုပ်ရေးမှူးတွေအားလုံး ၁၉ အုပ်စုအားလုံး တွေ့ပြီးတော့ ဒီဆုံးဖြတ်ချက်ကို သဘောတူခဲ့တယ်ပေါ့။ သဘောတူတဲ့နေရာမှာ လက်ရှိ ဒေသအဆင့်ဖြစ်တဲ့ ရပ်/ကျေး အုပ်စုအနေနဲ့ စီမံကောင်စီက ဖွဲ့တဲ့ဟာကို လက်မခံတဲ့အတွက်ကြောင့် ကျနော်တို့ သီးသန့်  ရပ်/ကျေး လူထုကိုယ်စားပြု စီမံခန့်ခွဲရေးကော်မတီဆိုပြီးတော့ ဖွဲ့လိုက်တယ်ပေါ့နော်။ ပြီးတော့ အဲဒီကော်မတီကနေပြီးတော့ အတင်းအဓမ္မခန့်အပ်လာတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ပြီးတော့ အတင်းအဓမ္မစေခိုင်းတဲ့ ညွှန်ကြားချက်တွေကို ဆန့်ကျင်သွားမယ်လို့လည်း သဘောတူညီချက်တွေ အတည်ပြုခဲ့တယ်ပေါ့နော်။”

ဒါ့အပြင် ရပ်ကျေးလူထုကိုယ်စားပြု စီမံခန့်ခွဲရေးကော်မတီအနေနဲ့ ဖယ်ခုံမြို့နယ်အတွင်း စစ်အာဏာရှင်တွန်းလှန်ရေး လှုပ်ရှားမှုတွေမှာ ပြည်သူနဲ့အတူ ဦးဆောင်ပါဝင်မယ်လို့ သဘောတူညီခဲ့ကြပါတယ်။

အခုရက်ပိုင်းမှာ စစ်အာဏာသိမ်းကောင်စီက အာဏာကိုအသုံးချပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ခရိုင်မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးတွေကို ခန့်အပ်နေသလို  ၂၀၂၀ ရွေးကောက်ပွဲနိုင်ရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်​ထောင်စုလွှတ်​တော်ကိုယ်စားပြု​ကော်မတီ CRPH ကလည်း  ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့​တွေ ရပ်​ကျေးအလိုက်ဖွဲ့​စည်းလာပါတယ်။

ဖယ်ခုံမြို့နယ် ရပ်/ကျေး လူထုကိုယ်စားပြုစီမံခန့်ခွဲရေးကော်မတီအနေနဲ့ကလည်း CRPH က လက်ခံရင်တော့ ပူးပေါင်းမှာဖြစ်ပေမယ့် လတ်တလောမှာ‌တော့ သီးသန့်ကိုယ်ပိုင်အုပ်ချုပ်တဲ့အနေနဲ့ ဦးဆောင်နေတယ်လို့ ခွန်းထက်စိုးက ပြောပါတယ်။

“CRPH က လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲက အနိုင်ရရှိတဲ့ အစိုးရတရပ်အနေနဲ့ ကျနော်တို့ အသိအမှတ်ပြုတယ်ပေါ့နော်။ ဆိုတော့ လောလောဆယ် ကျနော်တို့ရဲ့ဦးဆောင်မှုအရကတော့ သီးသန့်ကိုယ်ပိုင်အနေနဲ့ ရှိနေပြီးသား အုပ်ချုပ်ရေးယန္တရားတွေ မပျက်ပြယ်အောင်နဲ့ လူထုကိုယ်စားအနေနဲ့ တည်ရှိအောင် ကျနော်တို့ ကြိုးစားနေတယ်ပေါ့နော်။ ဆိုတော့ CRPH အနေနဲ့က အခုနက ကျနော်တို့ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုတယ်ဆိုရင်တော့ အချို့သောအရာတွေကို ကျနော်တို့ပူးပေါင်းသွားဖို့လည်း ရှိပါတယ်။ လောလောဆယ်တော့ ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ပဲ၊ ကိုယ်ပိုင်စနစ်နဲ့ပဲ တတ်နိုင်တဲ့ အခန်းဂဏ္ဍ ကျနော်တို့ဦးဆောင်နေတယ်ပေါ့နော်။ ”  ပြည်​ထောင်စုလွှတ်​တော်ကိုယ်စားပြု​ကော်မတီ CRPH ကတော့  ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့​​တွေကို ဖွဲ့စည္းရာမှာ တိုင်း​ဒေသကြီးနဲ့ ပြည်နယ် လွှတ်​တော်ကိုယ်စားပြု​ကော်မတီ​တွေ အရင်ဖွဲ့စည်းပြီး​နောက် ရပ်/​ကျေးအဆင့် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့​တွေကို လက်ရှိမှာ ဆက်ဖွဲ့စည်း​နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up