ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဦးတင်ထွန်းဇော်ဟာ CDM လှုပ်ရှားမှုမှာ ဒီနေ့ ပူပေါင်းပါဝင်ခဲ့ပြီး ဝန်ထမ်း ၂၀ ကျော် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်နေတယ်လို့ သိရပါတယ်။
အလုပ်က နုတ်ထွက်ခြင်းမဟုတ်ဘဲ မိမိ၏ဆန္ဒသဘောထားကို ငြိမ်းချမ်းစွာဖော်ထုတ်ခြင်းနည်းလမ်းဖြစ်တဲ့ (Civil Disobedience Movement) စတင်ပြုလုပ်ကြောင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဦးတင်ထွန်းဇော်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ပြထားပါတယ်။
ဦးတင်ထွန်းဇော်ကို DVB က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာ CDM ပြုလုပ်တာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုပါတယ်။
ဒါ့အပြင် သူရဲ့အမျိုးသမီးက လှိုင်သာယာမြို့နယ်ထွေအုပ်ရုံးမှာ တာဝန်ထမ်းဆောင်ပြီး သူ့အရင် နောက်မဆုတ်တမ်း CDM ပြုလုပ်နေသလို သူကတော့ မိသားစုအခြေအနေအရ တစ်အိမ်တည်း ၂ ဦးစလုံး CDM လုပ်သင့်မလုပ်သင့် စဉ်းစားနေရတဲ့အတွက် ဖေဖော်ဝါရီ ၂၅ ရက်နေ့က စတင်ပြီး CDM လုပ်ဖြစ်ခဲ့တာလို့ ပြောပါတယ်။
သူ့ရုံးက တပည့်တွေကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကတည်းကစတင်ပြီး CDM ပြုလုပ်သူတွေရှိပေမယ့် တချို့ပြန်ဝင်သွားသူတွေလည်း ရှိလို နောက်ထပ် CDM လုပ်သူတွေလည်း ရှိတော့ အခု ပဲခူးတိုင်းလွှတ်တော်ရုံးဝန်ထမ်း ၂၁ ဦးလောက်တော့ CDM မှာ ပါဝင်နေကြဆဲပဲလို့ လွှတ်တော်ရုံးညွှန်ကြားရေးမှူး ဦးတင်ထွန်းဇော်က ပြောပါတယ်။