Home
မြန်မာသတင်း
ကြို့ပင်ကောက်တွင် ကျူးကျော်ဈေး ဆိုင်ရှင်းလင်းရေး လုပ်မည်
အေးနိုင်
·
October 10, 2013
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်မှာ  ကျူးကျော်ဈေးသည်တွေကို ဆိုင်ခန်းတွေ ဖျက်သိမ်းခိုင်းတာကြောင့်   နေရာသစ်တခုခုမှာ ရောင်းချခွင့်ရဖို့ ဈေးသည်တွေ လိုလားနေပါတယ်။ ကြို့ပင်ကောက်မြို့ စည်ပင်သာယာနဲ့ ဆောက်လုပ်ရေးက   မြို့ပေါ်ရပ်ကွက်တွေနဲ့ ရန်ကုန်-ပြည် လမ်းမကြီးတလျှောက်က ဈေးဆိုင်ခန်းပေါင်း ၅၀၀ လောက်ကို ဒီလမကုန်ခင်မှာ ဖျက်ပေးဖို့ သတိပေးထားတာ ဖြစ်ပါတယ်။ ဒီလို ဖျက်သိမ်းပေးဖို့ သက်ဆိုင်ရာရဲ့ တိုက်တွန်းချက်ဟာ ၄ ကြိမ်မြောက်ဖြစ်တဲ့အကြောင်းနဲ့ အရင်အခေါက်တွေတုန်းက အုပ်ချုပ်ရေးပိုင်းတွေကို အသနားခံခဲ့လို့ မဖျက်သေးဘဲ ရောင်းခွင့်ရနေတာ ဖြစ်ပါတယ်။ ဈေးသည်တွေ မပြောင်းရွှေ့ရရေးအတွက် လိုက်ပါဆောင်ရွက်နေသူတဦးက “ပြန်လည်ရောင်းချခွင့်တွေကို ကျနော်တို့ အကြိမ်ကြိမ် ဆွေးနွေးခဲ့တယ်။ ဆွေးနွေးမှုကို ဦးဆောင်တဲ့သူတွေဟာ ပါတီနိုင်ငံရေးမှာ ပါဝင်နေတဲ့သူတွေ ဖြစ်လို့ဆိုပြီး အရင်ပဲခူးတိုင်း ဒေသကြီး အစိုးရလူကြီးများနဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်းကနေပြီး ဒီဆွေးနွေးမှုတွေကို လျစ်လျူရှုပြီး ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ရှိတယ်။ အဲဒီဆိုင်ခန်းတွေကို မှီခိုနေရတဲ့ မိသားစုတွေရဲ ဘ၀တွေကို ပြန်လည်အစားထိုး နေရာချထားမှု မပေးဘဲနဲ့ အမိန့်အာဏာသုံးပြီး မြို့တော်သာယာလှပရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုတဲ့ ပုံစံမျိုးနဲ့ အားလုံးကို ဖျက်သိမ်းခိုင်းတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။” ဆိုင်ခန်းတွေကို ဖျက်ပေးဖို့သာ ထုတ်ပြန်သတိပေးထားပေမယ့် ဘယ်နေရာမှာ ရောင်းချခွင့် ရမယ်ဆိုတာကို မပါရှိတဲ့အတွက် ဈေးသည်တွေက စိုးရိမ်နေတာဖြစ်ပြီး သူတို့အတွက် နေရာတခု သတ်မှတ်ရောင်းချခွင့်ရရေး လိုလားနေ ကြပါတယ်။ ဒီအစဉ်အစဉ်အပေါ် ကြို့ပင်ကောက်မြို့နယ် စည်ပင်သာယာရေးဌာနက ဦစီးမှူး ဦးသိန်းကျော်ကို မေးမြန်းကြည့်တဲ့အခါ မြို့သာယာလှပရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့ ဆောင်ရွက်တာပါလို့ ဖြေဆိုပါတယ်။ “ဈေးရောင်းချမှုကို ကျနော်တို့ လုပ်တာမဟုတ်ဘူး။ လွန်လွန်ကျူးကျူးရောက်နေတာရယ်၊ ယာဉ်အန္တရာယ်ဖြစ်နိုင်တာမျိုး၊ လမ်းဆုံလမ်းခွမျိုး လုံးဝရှင်းထုတ်လိုက်တယ်။ တချို့နေရာလေးတွေမှာ အိမ်ရှင်တွေနဲ့ညှိနှိုင်းပြီး နောက်ဆုတ်ရောင်းတာမျိုး ကျနော်တို့ အတိုင်းအတာ တခုအထိပေါ့။ အိမ်တွေမှာ ကျူးနေတဲ့ဟာတွေပေါ့။ တချို့လည်း လွန်လွန်ကျူးကျူးတွေဖြစ်နေတယ်။ ၄ ပေနီးပါးလောက် နောက်ဆုတ်ဖို့ ကျနော်တို့က တာမြစ်တာမျိုးပါ။ လုံးဝကြီး ရှင်းထုတ်တာမျိုး မဟုတ်ပါဘူး။ ယာဉ်အန္တရာယ်ဖြစ်နိုင်တဲ့နေရာမျိုးမှာဆိုရင်တော့ ကျနော်တို့က အဓိကထားပြီး ရှင်းပစ်တာပေါ့။” ၄ နှစ် ကြာမြင့်ပြီဖြစ်ကြောင်းနဲ့ တချို့ဈေးသည်တွေဟာ အတည်တကျ ဆောက်လုပ် နေထိုင်တာတွေပါ လုပ်ဆောင်လာတယ်လို့ ဖြေပါတယ်။။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းကို ဈေးသည်တွေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ  လမ်းဘေးကျူးကျော်ဈေးသည်တိုင်းကို ဖျက်သိမ်းမယ့်အစီအစဉ်မဟုတ်ဘူးလို့ ဖြေဆိုပါတယ်။ “စည်ပင်သာယာမြေပေါ်တက်ပြီး လမ်းဘေး ဈေးသည်ကျူးကျော်နေတဲ့ဟာတွေက သူ့အဆင့်လိုက်၊ သူ့အဆင့်လိုက် စိစစ်ပြီးလုပ်တာ။ အခုနက ပြောတဲ့အထဲမှာ လမ်းဘေးဈေးသည်အကုန်လုံးကို ဖျက်တယ်လို့ ပြောတယ်။ လမ်းဘေးဈေးသည်အကုန်လုံးကို လာကြည့်ပါ ကျနော်တို့ မြို့မှာ။ တပုံကြီးရှိပါတယ်။ ဘယ်လိုများ ဆောင်ရွက်ပေးနိုင်မလဲဆိုတာက သူတို့ဘက်က ဘာမှာ complain (တိုင်ကြားတာ) မလာသေးဘူး။” ပြောင်းရွှေ့ခိုင်းခံထားရတဲ့ ဈေးသည်တွေဘက်က မကျေလည်တာရှိရင် ရုံးကို လာရောက် ပြောဆိုကြဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက ဖိတ်ခေါ်ကမ်းလှမ်းပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024