ဦးဥာဏ်ဝင်းကို ငွေဒဏ် ၁၀၀၀ ကျပ် ချမှတ်
DVB
·
October 10, 2013
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက ဆန္ဒမဲပေးတဲ့မဲပြားတွေမှာ ဖယောင်းသုတ်ထားတယ်ဆိုတဲ့ တိုင်ကြားမှုနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းကို နေပြည်တော်နယ်မြေ ပုဗ္မသီရီမြို့နယ်တရားရုံးက ငွေဒဏ် ၁ ထောင် ကျပ် ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
ဦးဥာဏ်ဝင်းက “တရားစွဲထားတာ ၁ နှစ်ကျော်သွားပါပြီ။ အခေါက်ခေါက်အခါခါ လာခဲ့ရပါတယ်။ တရားရုံးနဲ့ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အတွက် ကျနော် လုံးဝ complain မလုပ်ဘူး။ ဒီနေ့ အမိန့်ချပါတယ်။ ဒဏ်ငွေ ၁ ထောင် ချပါတယ်။ တကယ်လို့ မဆောင်ခဲ့ရင် ထောင်တွင်း ၁ လ သွားနေရပါမယ်” လို့ ပြောပါတယ်။
ဆန္ဒမဲပြားတွေမှာ ဖယောင်းသုတ်တယ်လို့ တိုင်ကြားမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဦးဥာဏ်ဝင်းကို ၂၀၁၂ ခုနှစ်ကတည်းက တရားစွဲဆိုခဲ့တာဖြစ်ပြီး ၂၀၁၃ အောက်တိုဘာ ၁၀ ရက်နေ့မှာ ပုဗ္ပသီရီမြို့နယ်တရားရုံးက ငွေဒဏ် ၁ ထောင် ကျပ် ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပြီး အမှုပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။