ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးများ ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေး

မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်မနက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အထူးလေယာဉ်နဲ့ နေ့ချင်းပြန်သွားရောက်ခဲ့ပြီး ထိုင်းဝန်ကြီးချုပ်နဲ့ရော ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ပါ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနဲ့ နှစ်နိုင်ငံဆက်ရေး ပိုမို တိုးတက် ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင် ရွက်မှုတွေ အရှိန်အဟုန်မပျက် ဆက်လက် အကောင် အထည်ဖေါ်သွားရေး၊ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ရွေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးပိုမိုရရှိရေး၊ တရားဝင် လုပ်ကိုင်နိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေနဲ့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ရှေ့ဆက် ဆောင်ရွက် သွားမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးဦးတည်ချက်တွေ၊ နိုင်ငံခြားရေးမူဝါဒတွေကို  ဦးဝဏ္ဏမောင်လွင်က ထိုင်းအစိုးရကို ရှင်းလင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံထုတ် သည်နေရှင်းသတင်းမှာတော့  ဦးဝဏ္ဏမောင်လွင်က ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာနဲ့ရော ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့   ဒွန်ပရာမွန်းဝီနိုင်းနဲ့ပါ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ရှိ တော်ဝင်ထိုင်းလေတပ်ခန်းမမှာ အချိန် ၁ နာရီကြာလောက် ကြာအောင် တွေ့ဆုံခဲ့တယ်လို့ ဖော်ပြပါတယ်။

တွေ့ဆုံရမှာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့  နိုင်ငံရေးပြဿနာတွေ၊ ဆန္ဒပြမှုတွေနဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ အကြားစိုးရိမ် ပူပန်မှုဖြစ်နေတဲ့အကြောင်းတွေဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဦးဝဏ္ဏမောင်လွင်ဟာ ထိုင်းနိုင်ငံမှာရောက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ  ၃ ပွင့်ဆိုင် တွေ့ဆုံပြီး မြန်မာအရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

တွေ့ဆုံရာမှဦ မြန်မာနိုင်ငံနဲ့ အာဆီယံအကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်တွေအပြင် အာဆီယံ မိသားစု စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်ရေး စိတ်ဓာတ် တို့ကို အခြေခံပြီး အာဆီယံပူးပေါင်း ဆောင်ရွက်မှု မူဘောင်အောက်မှ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ မြန်မာအာဏာသိမ်းစစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့အကျပ်အတည်းကိစ္စဆွေးနွေးဖို့ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးကျင်းပဖို့ တိုက်တွန်းနေတာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီဟာ မနက်ဖြန်မှာ မြန်မာနိုင်ငံက နေပြည်တော်ကို နေ့ချင်းပြန်သွားရောက်ဖို့ မူလက စီစဉ်ခဲ့ပေမဲ့  ခရီးစဉ်ဖျက်သိမ်းကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တော်ကုဖိုက်ဇက်ရှယာ က “လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ အာဆီယံနိုင်ငံတွေရဲ့ သဘောထားတွေကို ထည့်သွင်းစဉ်းစားပြီးပြောရရင် အခုအချိန်ဟာ မြန်မာနိုင်ငံကိုသွားဖို့ သင့်တော်တဲ့ အချိန် မဟုတ်ပါဘူး”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ အစီ အစဉ်ကို အာဆီယံနိုင်ငံတွေအနေနဲ့ သဘောတူထောက်ခံကြဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့တဲ့ အပေါ် မြန်မာနိုင်ငံသားတွေက ဆန့်ကျင်ကန့်ကွက်ခဲ့နေကြတာပါ။

အင်ဒိုနီးရှားဝန်ကြီး မာဆူဒီကလည်း နောက်ပိုင်းမှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားရမယ်လို့ ပြင်ဆင်ပြောဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။

PHOTO-MOFA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up