Home
မြန်မာသတင်း
မူဆယ်တွင် အရပ်ဝတ်လက်နက်ကိုင်များက ၃ နေရာကို ဝင်ရောက်ပစ်ခတ်၊ ၂ ဦး သေဆုံး
DVB
·
February 24, 2021

မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့မှာ ဖေဖော်ဝါရီ ၂၄ ရက် ဒီနေ့ မနက် ၅ နာရီ ဝန်းကျင်က နေရာ ၃ နေရာမှာ အရပ်ဝတ် လက်နက်ကိုင် လူတစ်စုက တပြိုင်နက် လာရောက်ပစ်ခတ်မှု ဖြစ်ပွားပြီး ၂ ယောက် သေဆုံးတယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားတဲ့ နေရာတွေဟာ တာမိုးညဲ ပြည်သူ့စစ်ပိုင်နေရာတွေဖြစ်ပြီး စွမ်စော် ၁ လမ်းက ထျန်းရှချိုင်ဖုဟိုတယ်၊ သင်္ချိုင်းကုန်းအနီးရှိ 97 ဆပ်ပြာစက်ရုံနဲ့ ပန်လုံဘက်ရှိ ပြည်သူ့စစ်ပိုင် နေအိမ် တစ်လုံး တို့ဖြစ်ကြပါတယ်။

ပန်လုံဘက်မှ ပြည်သူ့စစ်ပိုင်နေအိမ်ကို လာပစ်ခတ်ခဲ့သူတွေအထဲက ၂ ဦး သေဆုံးသွားတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့  မြို့ခံတဦးက ပြောပါတယ်။ 

“သုံးနေရာ ပစ်တယ်။ အဲဒီပစ်တဲ့အချိန်မှာ အဲဒီမှာ ပန်လုံ ၁ လမ်းကို ဝင်ပစ်တဲ့ထဲ  ကလူကာ အမည်းရောင်နဲ့ လာပစ်တယ်။ သူတို့က လမ်းက တစ်ဖက်ပိတ်ဖြစ်နေတော့ သူတို့ ပြန်ပြေးတဲ့အချိန်မှာ နောက်က ပြည်သူ့စစ်တွေက လိုက်ပစ်တော့ နှစ်ယောက်မှာ တစ်ယောက်က အဲဒီနေရာမှာတင် ပွဲချင်းပြီးသေတယ်။ နောက်တစ်ယောက်ကကျတော့ အဲဒီ သူတို့မသွားပြီးတော့ ကျောကနေ ဖောက်ထွက်တာတစ်ခုရယ်၊ ပေါင်ကနေ ဖောက်ထွက်တာ တစ်ခုရယ် ဆိုတော့ အဲဒီ တို့ ခရိုင်ဆေးရုံဟောင်းမှာရှိတဲ့ နယ်လှည့် အခြေချ စစ်ဆေးရုံပေါ့။ အဲဒီ စစ်ဆေးရုံရောက်မှပဲ နာရီဝက်လောက်ပဲ သူတို့ ဆေးတွေ ဘာတွေတော့ ကုပေးပါတယ်။ ကုပေးပြီးတော့ နာရီဝက် လောက်ပဲခံတယ် ဆုံးသွားတယ်။ သေတဲ့နှစ်ယောက်က လာပစ်တဲ့သူတွေ။ အရပ်ဝတ်နဲ့ ။ ကျန်တဲ့သူတွေက ပြေးသွားတော့ ဘယ်သူတွေမှန်းတောင် မသိလိုက်ဘူး။  မောင်းလာတဲ့ ကားမှာတော့ နံပါတ်ပြားနောက်တစ်ခုလည်း ပါတယ်။” 

ပစ်ခံရတဲ့အတွက် ထျန်းရှချိုင်ဖုဟိုတယ်ကတော့ မှန်ပြတင်းပေါက်တွေ ကွဲပျက် သွားပြီး 97 ဆပ်ပြာစက်ရုံကတော့ ကားတချို့  ဗုံးသီးကျပြီး ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အတိအကျသိနိုင်ဖို့  စုံစမ်းနေဆဲ ဖြစ်တယ်လို့ မူဆယ်ခရိုင် ပြန်ဆက်မှ ဦးစီးဌာနမှူး ဦးအယ်လ်စိုးထန်သားက ဒီဗွီဘီကို ပြောပါတယ်။

မူဆယ်မှာ ပစ်ခတ်မှု၊ ဖောက်ခွဲမှုတွေ မကြာခဏ ဖြစ်ပွားတာကြောင့် လုံခြုံမှုအတွက် စိုးရိမ်နေရတယ်လို့ မြို့ခံတွေက  ပြောပါတယ်။

Pra Jaw

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024