မုန်တိုင်းကြောင့် ငါးဖမ်းသင်္ဘောများ ပင်လယ်ပြင်မထွက်ရန် မိုးဇလ သတိပေး
DVB
·
October 10, 2013
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ မုန်တိုင်းအန္တရာယ်ကနေ ရှောင်ရှားဖို့ မိုးဇလက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့မနက် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဖိုင်လင်း အမည်ရ ဆိုင်ကလုန်းမုန်တိုင်းဟာ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် မိုင် ၂၆၀ ခန့်၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်နဲ့ အနောက်မြောက်ဘက် မိုင် ၁၄၀ ခန့်အကွာရှိ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ဆိုပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွှေ့လျားပြီး မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁ နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ ရှိနိုင်တယ်လို့ ကြေညာချက်က ဆိုပါတယ်။ နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည့်အပြင် မိုးသက်လေပြင်းကျစဉ် ရေပြင်နဲ့ မြေပြင်လေသည် ၁ နာရီ မိုင်၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
ဆိုင်ကလုန်းမုန်တိုင်းရဲ့ လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်သာရှိပြီး၊ မြန်မာနိုင်ငံကမ်းခြေသို့ ဦးတည်ရွေ့လျားမည့် အခြေအနေသေးဘူးလို့ မိုးဇလက ထုတ်ပြန်ကြေညာထားပါတယ်။