ကရင်ပြည်နယ်၊ ဘားအံမြိုနယ်အတွင်းက ဌာနဆိုင်ရာဝန်ထမ်းတွေ CDM လှုပ်ရှားမှုပါဝင် ဆန္ဒပြတဲ့အတွက် ဖိအားပေးခြိမ်းခြောက်ခံနေရပေမယ့် ဘုရင်နောင်ဖောင်ဖျက်သလို အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက ပညာရေးဝန်ထမ်း ဆရာမတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး တပ်မတော်က မတရားစစ်အာဏာသိမ်းယူတဲ့အပေါ် စစ်အာဏာရှင်ပြုတ်ကျရေး CDM မှာပါဝင်တဲ ဌာနဆိုင်ရာဝန်ထမ်းတွေကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရဲ့ ဖိအားပေးခြိမ်းခြောက်တာ ခံနေရတာပါ။
"ကျမတို့က ဘုရင်နောင်ဖောင်ဖျက်သလိုမျိုး ရှေ့တန်းကပြီးတော့ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်ထားတယ်။ ဝန်ထမ်းတွေကို အဖက်ဖက်ကနေပြီးတော့ ဖိအားပေးခြိမ်းခြောက်တာတွေ ကြားနေရသလို သိလည်း သိရနေတယ် " လို့ ပညာရေးဝန်ထမ်း ဆရာမတစ်ဦးက ဆိုပါတယ်။
ညစဥ် ဆန္ဒပြသူတွေ၊ CDM ပါဝင်တဲ့ ဝန်ထမ်းတွေကို ရပ်ကွက်အတွင်း လုံခြုံရေးအကြောင်းပြကာ ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတဲ့အတွက် လက်နက်ကိုင်လုံခြုံရေးကို ပြန်ကြောက်နေရတယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါက်တာ ချိုယုမွန်၊ ဘားအံတက္ကသိုလ် လက်ထောက်မော်ကွန်းထိန်း ဒေါ်နန်းစန္ဒာချို၊ အင်ဂျင်နီယာဌာနမှုး ဦးလှအောင်တို့ကို CDM ကမ်ပိန်းနဲ့ဆန္ဒပြပွဲတွေမှာပါဝင်မှုနဲ့ ဖမ်းဆီးတရားစွဲဆိုပြီး ဘားအံအကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။