Home
ဆောင်းပါး
အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ (တောင်ကိုရီးယား)
DVB
·
February 23, 2021

တောင်ကိုရီးယားရဲ့ ဒီမိုကရက်တိုက်ဇေးရှင်းဟာ ပဋိညာဉ်အရ အပြောင်းအလဲ (Transition by Pact) မဟုတ်ဘဲ ရုန်းကန်မှုတွေကြောင့်ဖြစ်လာတဲ့ အပြောင်းအလဲ (Transition by Movement) ဖြစ်ပါတယ်။ အာဏာရှင်က သဘောကောင်းတာကြောင့် အထက်ကနေ ချပေးခဲ့တဲ့ အပြောင်းအလဲ မဟုတ်ပါဘူး။

ကွန်မြူနစ်ဆန့်ကျင်ရေး

၁၉၄၅ ခုနှစ်၊ သြဂုတ်လမှာ ဂျပန်လက်နက်ချတော့ တောင်ကိုရီယားဟာ ဂျပန်ကိုလိုနီဘဝက ကျွတ်ပြီး လွတ်လပ်တဲ့ နိုင်ငံအိပ်မက် မက်လာကြတယ်၊ ဒီကာလမှာပဲ လက်ဝဲလက်ယာ ပြဿနာတွေ ပေါ်၊ အမေရိကား ထီးရိပ်အောက်က တောင်ကိုရီယား (၁၉၄၈၊ သြဂုတ်)၊နဲ့ ဆိုဗီယက် ထီးရိပ်က မြောက်ကိုရီးယား ဆိုပြီး နှစ်ခြမ်းကွဲခဲ့တယ်။ (တောင်ကိုရီးယားနိုင်ငံ ပေါ်ပေါက်လာတာဟာ အမေရိကန် အကျိုးစီးပွားနဲ့လည်း ပတ်သက်နေပါတယ်။ ပထဝီ နိုင်ငံရေးရှုထောင့်က ကြည့်ရင် ကိုရီးယားကျွန်းဆွယ်ဟာ အရှေ့အာရှမှာ အမေရိကားနဲ့ ဆိုဗီယက်တို့ရဲ့ ၀ါဒရေးရာ သင်္ကေတတိုက်ပွဲနယ်မြေ ဖြစ်ပါတယ်။ တောင်ကိုရီယားနိုင်ငံကို ကွန်မြူနစ်ဆန့်ကျင်ရေး၊ လစ်ဘရယ်ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံဖြစ်ရေးကို အမေရိကန်အစိုးရက မျှော်မှန်းခဲ့ပါတယ်၊ ဒီရည်မှန်းချက်နှစ်ခုထဲမှာ ကွန်မြူနစ် ဆန့်ကျင်ရေးကတော့ ပိုပြီးအရေးကြီးတဲ့ ရည်ရွယ်ချက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ (ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ၊ အတိုက်အခံပါတီ၊ လူထုအခြေပြုအဖွဲ့) တွေဟာ ကွန်မြူနစ်ဆန့်ကျင်ရေး ဆိုတဲ့ အကန့်အသတ်ထဲမှာပဲ လည်ပတ်ခဲ့ရပါတယ်။ ဒီလိုနဲ့ တောင်ကိုရီးယားနိုင်ငံဟာ Strong State အဖြစ်ကို ရောက်ခဲ့တယ်။

ဧပြီ ၁၉၊ တော်လှန်ရေး

၁၉၅၀ ပြည့်လွန်နှစ်တွေက အာဏာယူခဲ့တဲ့ (ရီဆောင်မန်း) Rhee Syng Man ဟာ ကွန်မြူနစ် ဆန့်ကျင်ရေး အာဏာရှင်အစိုးရလို့ပဲ ကင်ပွန်းတပ်နိုင်ပါတယ်။ ရွေးကောက်ပွဲတွေမှာ မဲလိမ်တာတွေ လုပ်ခဲ့ပါတယ်။ ဒါကို အတိုက်အခံပါတီကလည်း ဘာမှ မတတ်နိုင်တဲ့အဆုံး ကောလိပ်ကျောင်းသားတွေ ဦးဆောင်တဲ့ တပြည်လုံးလူထုအုံကြွမှုဖြစ်ပြီး ရီဆောင်မန်းအစိုးရကို ဖြုတ်ချလိုက်ပါတယ်။ (ဒါကို ဧပြီ ၁၉၊ ၁၉၆၀) တော်လှန်ရေးလို့ အမည်တွင်ပါတယ်။  ဒီနေရာမှာ လူထုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက နိုင်ငံရေးပါတီတွေထက် အရေးပါခဲ့ပါတယ်။

ဒီလို ဖြစ်တာကလည်း အကြောင်းရှိပါတယ်။ ကိုရီးယား စစ်ပွဲကြီးပြီးလို့ အိုးအိမ်တွေ ပျက်စီးသွားတဲ့ လူထုတွေဟာ တောကနေ မြို့ပေါ်ကို တက်လာကြပါတယ်။ စစ်ပွဲမတိုင်ခင်က မြို့ပြလူဦးရေက ၃ သန်းခွဲရှိရာကနေ ၁၉၅၅ ခုနှစ်လောက်မှ ၅ သန်းခွဲလောက် ဖြစ်လာပါတယ်။ နောက်တချက်က ပညာရေးကဏ္ဍမှာ အပြောင်းအလဲဖြစ်ပေါ်လာတာပါ။ ၁၉၄၅ ခုနှစ်က အခြေခံပညာကျောင်းတွေမှာ ကျောင်းသား တသန်း ရှစ်သိန်းကျော်ကျော်ကနေ ၁၉၅၈ ခုနှစ်မှ သုံးသန်းခြောက်သိန်း ဖြစ်လာပါတယ်။ တက္ကသိုလ်ကျောင်းသားအရေအတွက်ကလည်း ၁၉၄၅ ခုနှစ်မှာ ၇၈၀၀ ပဲ ရှိရာကနေ ၁၉၆၁ ခုနှစ်မှာ တသိန်းလေးသောင်း (၁၅ ဆ) တိုးသွားပါတယ်။ သတင်းစာတွေရဲ့ လွှမ်းမိုးမှုကလည်း ကြီးမားကျယ်ပြန့်လာပါတယ်၊ ဒီလို လူ့အဖွဲ့အစည်းအတွင်းက အပြောင်းအလဲ (social change) ကြောင့် နိုင်ငံရေးအပြောင်းအလဲတွေကို ဦးတည်လာတာ ဖြစ်ပါတယ်။

ပထမအကြိမ် အာဏာသိမ်းခြင်း

၁၉၆၀ ဧပြီ ၁၉၊ တော်လှန်ရေးရဲ့ ဒီမိုကရေစီအရုဏ်ဦးက တနှစ်တောင် သက်တမ်းမရှည်ပါဘူး။ ၁၉၆၁ ခုနှစ် (မေလ ၁၆) ရက်နေ့မှာ ပက်ချုံဟီး ခေါင်းဆောင်တဲ့ စစ်တပ်အာဏာသိမ်းမှုနဲ့ ကြံုလိုက်ရပါတယ်။ အဲဒီအချိန်စလို့ ပက်ချုံဟီးရဲ့ ဖိနှိပ်မှု ပြင်းထန်ပေမယ့် စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ ထိပ်တိုက်တွေ့မှုတွေက အမြဲတမ်းလိုလို ရှိနေပါတယ်။ (ကိုရီယား-ဂျပန် သံတမန် ဆက်ဆံရေး ပြန်လည်ထူထောင်မယ်ဆိုတဲ့အပေါ် မကျေနပ်တဲ့ ဆန္ဒပြမှုတွေ ၁၉၆၄ မတ်လကနေ ၁၉၆၅ သြဂုတ်လအထိ ရှိနေခဲ့ပါတယ်။)

ပက်ချုံဟီး အစိုးရဟာ အာဏာသိမ်း စစ်အစိုးရကို တရားဝင်ဖြစ်ဖို့နဲ့ လူထုထောက်ခံမှုရဖို့ စီးပွားရေးကို ဇောင်းပေးလုပ်ခဲ့ပါတယ်။ ပို့ကုန်ဦးစားပေး စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးကို ၅ နှစ် စီမံကိန်းတွေချပြီး (၁၉၆၂ ခုနှစ်ကနေ ၁၉၇၂) ခုနှစ်အထိ လုပ်ဆောင်ခဲ့ပါတယ်။ ဒီကာလတွေမှာ တိုင်းပြည် ဂျီအန်ပီ (၈ ဒသမ ၃ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းနီးနီး တိုးတက်ခဲ့ပါတယ်)၊ ဒီလို လုပ်ပြနိုင်တဲ့အတွက် ၁၉၆၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့ပါတယ်။

အလွှာစုံက အုံကြွလာခြင်း

အဲဒီနောက် ပက်ချုံဟီးက သူ့ရဲ့ တတိယမြောက် သမ္မတသက်တမ်းကို ဆွဲဆန့်နိုင်ဖို့ (၁၉၆၉) မှာ နိုင်ငံရဲ့ဖွဲ့စည်းပုံကို ပြင်ဖို့ ကြိုးစားလာတဲ့အခါ ကျောင်းသားတွေနဲ့ ထိပ်တိုက်တိုးပါတယ်။ ဆန္ဒပြမှုတွေကြားကပဲ အစိုးရက တိတ်တဆိတ်လွှတ်တော်ခေါ်ပြီး ဖွဲ့စည်းပုံကို ပြင်ပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေကို နှိပ်ကွပ်လာပါတယ်။ တက္ကသိုလ်နယ်မြေကို အမျိုးသားလုံခြုံရေး အကြောင်းပြချက်နဲ့ စစ်ဇာတ်သွင်းလာပါတယ်။ ဒါကို မကျေနပ်တဲ့ ကျောင်းသားတွေက စစ်သင်တန်းကို ဆန့်ကျင်ခဲ့ကြရင်း ဒီမိုကရေစီအရေးကို လှုပ်ရှား တောင်းဆိုခဲ့ကြပါတယ်။

၁၉၇၁ ခုနှစ် ၇ ကြိမ်မြောက် သမ္မတ ရွေးကောက်ပွဲနီးနေတဲ့အတွက် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအတွက် ကျောင်းသားတွေက စီစဉ်ခဲ့ကြပါတယ်။ တချိန်တည်းမှာ တရားသူကြီးတွေကလည်း တရားစီရင်ရေးမဏ္ဍိုင် လွတ်လပ်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။ တက္ကသိုလ်က ပါမောက္ခတွေကလည်း တက္ကသိုလ်ရဲ့ လွတ်လပ်ခွင့်ကို မထိပါးဖို့နဲ့ အစိုးရက မစွက်ဖက်ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။ တချိန်တည်းမှ လုပ်ငန်းခွင် မကျေနပ်ချက်တွေကို အကြောင်းပြုလို့ အလုပ်သမားသပိတ်တွေလည်း ပေါ်ပေါက်နေခဲ့ပါတယ်။ ဘာသာရေးအဖွဲ့တွေကလည်း အလုပ်သမား၊ လယ်သမား ဆန္ဒပြမှုတွေကို ထောက်ခံ ဆန္ဒပြခဲ့ကြပါတယ်။

ပက်ချုံဟီး အစိုးရက ဖိနှိပ်တဲ့ဥပဒေတွေ၊ မာရှယ်လောတွေ ထုတ်ပြန်ခဲ့ပါတယ်။ (၁၉၇၂ ခုနှစ် ဖွဲ့စည်းပုံကို ရုပ်သိမ်းလိုက်ပြီး ယူရှင်း ဖွဲ့စည်းပုံ (Yushin Constitution) နဲ့ အစားထိုးလိုက်ပါတယ်။ အဲဒီဖွဲ့စည်းပုံအရ သမ္မတ ပက်ချုံဟီးကို တကိုယ်တော် စိတ်တိုင်းကျ အာဏာပါဝါတွေ အပ်နှင်းထားပြီး တသက်လုံး အုပ်ချုပ်နိုင်မယ့်ဥပဒေ ဖြစ်ပါတယ်။

ဒီလိုနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ တနှစ်လောက် ခဏငြိမ်ကျသွားပါတယ်။ ၁၉၇၃ ခုနှစ်ရောက်မှ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒ လက်မှတ်တောင်းခံတဲ့ လှုပ်ရှားမှုနဲ့ ပြန်စလာပါတယ်။ အတိုက်အခံတွေက လူထုဆန္ဒ ၁ သန်းလောက်ကို စုဆောင်းနိုင်ခဲ့ပါတယ်။ မကြာပါဘူး။ ၁၉၇၅ ခုနှစ်မှ အစိုးရဘက်ကလည်း ပြန်နှိပ်ကွပ်ပါတယ်။ သတင်းစာတွေကို အရေးယူပါတယ်။ အတိုက်အခံပါတီဝင် ၇ ဦးနဲ့ ကျောင်းသားတဦးကို တရားစွဲပြီး ကွပ်မျက်ခဲ့ပါတယ်။ ဒီလို အပြင်ဘက်က ဖိအားတွေ တိုးနေတဲ့အချိန်မှ ပက်ချုံဟီး အစိုးရအဖွဲ့တွင်းမှ အကွဲအပြဲဖြစ်ပြီး ၁၉၇၉ ခုနှစ် အောက်တိုဘာ ၂၆ မှာ သူ့ကို လူရင်းတယောက်က လုပ်ကြံခဲ့ပါတယ်။

ဆိုးလ်ရဲ့ နွေဦး လှုပ်ရှားမှု

ပက်ချုံဟီး လုပ်ကြံခံလိုက်ရတဲ့အတွက် တောင်ကိုရီယားရဲ့ ဒီမိုကရေစီလမ်းက ဖြောင့်ဖြူးမယ် မကြံသေးခင်မှာ (၁၉၇၉၊ ဒီဇင်ဘာ ၁၂) မှာ စစ်တပ်က အာဏာသိမ်း လိုက်ပြန်ပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲကနေ အရပ်သား အစိုးရ ပေါ်ပေါက်ရေးအတွက် မျှော်လင့်ချက် မြင့်မားနေချိန်ဖြစ်လို့ ၁၉၈၀ ဧပြီ၊ မေလတွေမှာ ကျောင်းသားလှုပ်ရှားမှုတွေ တပြည်လုံး အတိုင်းအတာနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဆိုးလ်ရဲ့ နွေဦး လှုပ်ရှားမှုလို့ အမည်တွင်ပါတယ်။ ဒါလည်း မအောင်မြင်ပြန်ပါဘူး။

ဂွမ်ဂျူးက ကျောင်းသားနဲ့ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းပြီး ၁၉၈၀ မေလ ၁၇ ရက်နေ့မှာ  ဗိုလ်ချုပ်ကြီး ချန်ဒူးဝမ် ခေါင်းဆောင်တဲ့ အဖွဲ့က ၁၉၇၉ ဒီဇင်ဘာ ၁၂ အာဏာသိမ်းအုပ်စုလက်ကနေ ထပ်ဆင့် အာဏာသိမ်းခဲ့ပြန်ပါတယ်။ ပက်ချုံဟီးရဲ့ ယူရှင်း ဖွဲ့စည်းပုံနဲ့ပဲ အုပ်ချုပ်ပြန်ပါတယ်။ ပိုဆိုးတာက အစိုးရအတွင်းမှာ၊ သတင်းလောက၊ အလုပ်သမား အင်အားစုတွင်းက အတိုက်အခံ မှန်သမျှကို ရှင်းထုတ်ပါတယ်။ အတိုက်အခံကျောင်းသားတွေကို ကျောင်းထုတ်ပစ်၊ ပါမောက္ခတွေကို အလုပ်ထုတ်ပစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပါတယ်။ ပညာပေးရေးဆိုပြီး အရပ်သား ၄ သောင်းလောက်ကို အဓမ္မ သင်တန်းတွေ တက်ခိုင်းပြီး ၄၅ ယောက်လောက် သင်တန်းကာလမှာပဲ သေဆုံးသွားသလို ၃၉၇ ယောက်လည်း သင်တန်းပြီးတဲ့နောက်ပိုင်းမှ ကွယ်လွန်သွားခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးတိုက်ပွဲ

ချန်ဒူးဝမ်အစိုးရက သမ္မတကို တိုက်ရိုက်ရွေးတဲ့စနစ်ကနေ သွယ်ဝိုက်ရွေးချယ်တဲ့စနစ်ကို ပြောင်းလိုက်တဲ့နောက် အာဏာသိမ်းပြီး တနှစ်အကြာမှာ ချန်ဒူးဝမ်ပဲ ဖွဲ့စည်းပုံသစ်အရ သမ္မတ ဖြစ်လာပါတယ်။ ၁၉၈၃ ခုနှစ်ကျမှ ချန်ဒူးဝမ်အစိုးရက ဖြေလျှော့ရေးပေါ်လစီကို ချမှတ်လာပြီး ကျောင်းသားတွေကို ကျောင်းပြန်တက်ခွင့်နဲ့ တက္ကသိုလ်က ဆရာတွေကိုလည်း အလုပ်ပြန် ခန့်ပါတယ်။ ဒါလည်း အကြောင်းနှစ်ချက် ဖြစ်နိုင်ပါတယ်။ နိုင်ငံရေးတည်ငြိမ်နေပြီလို့ ယုံကြည်မှုရှိလာတာအတွက်ရယ်။ ၁၉၈၆ အာရှအားကစားပွဲတော်နဲ့ ၁၉၈၈ အိုလံပစ်ပွဲတော်တွေကို ဆိုးလ်မှ အိမ်ရှင်အဖြစ် ကျင်းပပေးရမှာဖြစ်လို့ ပြည်တွင်းတည်ငြိမ်ရေးမှု ရှိတယ်ဆိုတာကို ပြသဖို့ လိုလာတာလည်း အကြောင်းရင်းဖြစ်ပါတယ်။ နှစ်ခုစလုံးကတော့ အာဏာသိမ်းတက်လာတဲ့ ချန်ဒူးဝမ် အစိုးရရဲ့ တရားဝင်ရေးအတွက်ပါပဲ။

ဒီအခြေအနေအောက်မှ ကျောင်းသားလှုပ်ရှားမှုတွေ၊ အလုပ်သမားသပိတ်တွေ တကျော့ပြန် အရှိန်ရလာပါတယ်။ ကျောင်းသားတွေက တက္ကသိုလ်ပညာရေးမှာ အစိုးရက ဝင်မစွက်ဖို့ အလုပ်သမား၊ လယ်သမားတွေကလည်း သူတို့အခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်၊ နောက်ဆုံး ကျောင်းသားနဲ့ အလုပ်သမားတွေကြားမှ ပေါင်းစည်းမိလာပါတယ်။

ဂွမ်ဂျူး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အမေရိကန်က သဘောတူထောက်ခံခဲ့တာကို ကန့်ကွက်ခဲ့ကြပါတယ်။ ၁၉၈၄ မှာ ဒီမိုကရေစီအရေးလှုပ်ရှားတောင်းဆိုမှုတွေ အလွှာစုံမှာ ပြန်ပြီးခေါင်းထောင်လာပါတယ်။ အရင်ထက် ပိုပြင်းထန်ပြီး စနစ်လည်း ကျလာပါတယ်။ အလွှာစုံက အတိုက်အခံတွေကြားမှ စည်းလုံးညီညွတ်မှုလည်း တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၈၅ ခုနှစ်အလယ်လောက်မှ ဒီမိုကရေစီလှုပ်ရှားမှုဟာ ချန်ဒူးဝမ်နဲ့ လက်ရည်တူ ယှဉ်လာနိုင်ပါတယ်။ အနိမ့်ဆုံးတောင်းဆိုချက်အဖြစ် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ သမ္မတကို တိုက်ရိုက်ရွေးချယ်တဲ့စနစ်ကို ချက်ချင်းဆောင်ရွက်ပေးဖို့ အစိုးရကို တောင်းဆိုလာကြပါတယ်။ အတိုက်အခံပါတီ (New Korean Democratic Party) က ခေါင်းဆောင်တဲ့ လူထုလက်မှတ် စုဆောင်းတဲ့ လှုပ်ရှားမှုမှာ လက်မှတ်ပေါင်း ၁၀ သန်း ရရှိခဲ့ပါတယ်၊ မြို့ကြီးတွေမှာ လူထုစုဝေးတာတွေ လုပ်ပါတယ်။ ဂွမ်ဂျူးမှာ ဆိုရင် လူ သုံးသိန်းလောက် စုရုံးခဲ့ကြပါတယ်။

ကျောင်းသားအာဇာနည် ပက်ဂျုံချီ

ဒီလှုပ်ရှားမှုတွေကို ချန်ဒူးဝမ် အစိုးရက နည်းနှစ်နည်းနဲ့ လက်တုံ့ပြန်ပါတယ်။ ပါလီမန်ထဲက ညှိနှိုင်းမှုတွေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်ဖို့ တဖက်က စည်းရုံးပြီး တချိန်တည်းမှာ ဒီနည်းကို လက်မခံတဲ့ အတိုက်အခံတွေကို နှိပ်ကွပ်ပါတယ်။ ၁၉၈၆ ခုနှစ်မှ အတိုက်အခံတွေ တော်တော်များများ အဖမ်းခံရပြန်ပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေကို ကွန်မြူနစ် တော်လှန်ရေးလို့ တံဆိပ်တပ်ပြီး ကျောင်းသား ၁၃၀၀ လောက် အဖမ်းခံရပါတယ်။ ၁၉၈၇ ဇန်နဝါရီမှာ ဆိုးလ်အမျိုးသားတက္ကသိုလ်ကျောင်းသား ပက်ဂျုံချီကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်ခဲ့ပါတယ်။ တကယ်တမ်း ပါလီမန်တွင်းက ညှိနှိုင်းမှုတွေကလည်း တိုးတက်မှု မရှိလာပါဘူး။ ဧပြီ ၁၃ ရက်နေ့မှ သမ္မတ ချန်ဒူးဝမ်က ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ဆွေးနွေးတာမှန်သမျှအားလုံးကို ပိတ်ပင်လိုက်ပါတယ်။ နောက်ဆုံးမှာ လူထုအတွက် လမ်းပေါ်ထွက်တဲ့နည်းကလွဲလို့ ရွေးစရာ မရှိတော့ဘူး။

၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလမှာ ပက်ဂျုံချီ အောက်မေ့ဖွယ် အခမ်းအနားတွေ တနိုင်လုံးမှာ လုပ်ပါတယ်။ လူ ၆ သောင်းလောက် တက်ရောက်ခဲ့ပါတယ်။ ရဲက လူပေါင်း ၄၃၉ ယောက်ကို တရက်တည်းမှာပဲ ဖမ်းပါတယ်။ ဧပြီလ ၁၃ ရက်နေ့မှာ အစိုးရက လက်ရှိဖွဲ့စည်းပုံကို ထိန်းသိမ်းမယ့် အကြောင့် ကြေညာတဲ့အတွက် လူထုဒေါသက ပိုဆိုးလာပါတယ်။ အစိုးရက ကြေညာတယ်ဆိုရင်ပဲ အလွှာစုံကနေ ကန့်ကွက်တဲ့ ကြေညာချက်တွေ ထွက်လာပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှာ တပြည်လုံး လူထုဆန္ဒထုတ်ဖော်ပွဲကြီး ပေါ်ပေါက်လာပြီး ရက်ပေါင်း ၂၀ ကြာပြီး တနိုင်ငံလုံးမှ လူသန်းချီပြီး လမ်းပေါ်ထွက်ခဲ့ကြပါတယ်။ ဇွန် ၂၉ ရက်နေ့မှ  ချန်ဒူးဝမ်အစိုးရက ပြုပြင် ပြောင်းလဲမှုတွေလုပ်မယ်ဆိုတဲ့ ကြေညာချက်ထုတ်တဲ့အထိ ဆန္ဒပြခဲ့ကြပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ တိုက်ရိုက်သမ္မတ ရွေးချယ်ရေးကို ချန်ဒူးဝမ်အစိုးရက လိုက်လျောခဲ့ရပါတယ်။

အလုပ်သမားတိုက်ပွဲများ

ဇွန်လှုပ်ရှားမှု အောင်မြင်ရတဲ့အကြောင်းတွေ ရှိပါတယ်။ ဒီမိုကရေစီအင်အားစုတွေ ကျယ်ပြန့်တဲ့ ညွန့်ပေါင်းဖွဲ့နိုင်ခဲ့ပါတယ်။ ကျောင်းသားလှုပ်ရှားမှုကို ဗဟိုပြုလို့ အလွှာစုံက အင်အားစုတွေ၊ အတိုက်အခံပါတီတွေ စည်းလုံးခဲ့ကြပါတယ်။ လက်ငင်းတောင်းဆိုချက်ကလည်း ကျယ်ပြန့်တဲ့ ထောက်ခံမှုရှိတဲ့ တောင်းဆိုချက်ဖြစ်နေတာလည်း တကြောင်းဖြစ်ပါတယ်၊ ကျယ်ပြန့်တဲ့ လူထုလှုပ်ရှားမှုဖြစ်လို့ အာဏာသိမ်းတုန်းက ဂွမ်ဂျူးမှ နှိမ်နင်းခဲ့တဲ့အခြေအနေမျိုး စစ်တပ်အင်အားနဲ့ နှိမ်နင်းဖို့  အခြေအနေမပေးတော့ပါဘူး၊ နောက်တချက်က ဂွမ်ဂျူးမှာတုန်းက တနည်းတဖုံနဲ့ သဘောတူခဲ့တဲ့ အမေရိကန်အစိုးရကလည်း ဒီတကြိမ်မှာ စစ်တပ် အင်အားသုံးတာကို လက်မခံတော့တာကလည်း အကြောင်းရင်းဖြစ်ပါတယ်။

ဇွန် ၂၉ ရက် ကြေညာချက်နောက်ပိုင်းမှာလည်း အလုပ်သမားသပိတ်တွေက မရပ်ပါဘူး။ လုပ်အားခတိုးရေး၊ လုပ်ငန်းခွင်အခြေအနေတိုးတက်ရေးအတွက် သပိတ်တွေက သုံးလလောက် ဆက်ပြီး ဖြစ်ပေါ်နေပါတယ်။ သပိတ်ပေါင်း (၃၂၅၅ ခုမှ အလုပ်သမားပေါင်း ၁ သန်း၂ သိန်း) လောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီမိုကရေစီလမ်းစ

အပြင်မှာ အလုပ်သမားသပိတ်တွေ အရှိန်ရနေတဲ့အချိန်မှာ နိုင်ငံရေးသမားတွေက ဇွန်လ ၂၉ ရက် ကြေညာချက်ကို အကောင်အထည်ဖော်ရေး လုပ်နိုင်ခဲ့ကြပါတယ်။ တိုက်ရိုက်သမ္မတ ရွေးချယ်တဲ့ ဖွဲ့စည်းပုံ၊ သမ္မတ သက်တမ်းကို ၅ နှစ်ထိပဲ ကန့်သတ်ဖို့ အချက်တွေ ပါဝင်ပါတယ်။

လွှတ်တော်က သဘောတူပြီးနောက် လူထုဆန္ဒခံယူပွဲလုပ်ပြီး အောက်တိုဘာ ၂၉ မှာ ဖွဲ့စည်းပုံ အသက်ဝင်လာပါတယ်။ သမ္မတ မဲဆွယ်ပွဲဲတွေ ကျင်းပမယ့်ကာလမှာ အတိုက်အခံတွေကြားမှ ညီညွတ်မှု ပျက်သွားတာကြောင့် ဒီဇင်ဘာ ၁၆ သမ္မတရွေးကောက်ပွဲမှာ ချန်ဒူးဝမ်းအစိုးရရဲ့ သမ္မတလောင်း ရိုတေးဝူ (Roh Tae Woo) အနိုင်ရသွားပါတယ်၊ အတိုက်အခံအင်အားစုဘက်က မဲပြားသွားပြီး အနိုင်မရပါဘူး။ ဒီလိုနဲ့ ဇွန်လအရေးတော်ပုံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ရည်မှန်းချက်တွေ အပြည့်အဝ မအောင်မြင်ပေမယ့် ဒီမိုကရေစီလမ်းစပွင့်ခဲ့ပါတယ်။

ချန်ဒူးဝမ် အစိုးရအလွန်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာ အတိုက်အခံတွေ အနိုင်မရခဲ့ပေမဲ့ ဖွဲ့စည်းပုံက အသက်ဝင်ခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းက ဖြောင့်ဖြူးခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်ထဲမှာ အတိုက်အခံတွေက အများစုဖြစ်လာပြီး ဒီမိုကရေစီအပြောင်းအလဲတွေ နောက်ပြန်ဆုတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဂွမ်ဂျူးအရေးအခင်း စုံစမ်းရေးကော်မတီ၊ အရင်အစိုးရလက်ထက် အာဏာအလွဲသုံးစားမှုတွေ စုံစမ်းရေးကော်မတီ တို့ကိုတောင် ဖွဲ့ပေးခဲ့ရပါတယ်။ ဒီလိုနဲ့ ၁၉၉၇ ခုနှစ် ဒီဇင်ဘာ သမ္မတ ရွေးကောက်ပွဲ (၁၉၈၇ ခုနှစ် အပြောင်းအလဲကနေ ၁၀ နှစ်အကြာ) မှာ ကင်မ်ဒေးဂျုံဟာ တောင်ကိုရီယားရဲ့ ၁၅ ယောက်မြောက် သမ္မတ ဖြစ်လာပါတယ်။

နိဂုံး

ဆိုခဲ့တဲ့အတိုင်း တောင်ကိုရီးယားမှာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီအပြောင်းအလဲမှာ သင်ခန်းစာကတော့ (၁) ရုန်းကန်မှုတွေမပါဘဲ အလိုအလျောက်ဖြစ်ခဲ့တဲ့ အပြောင်းအလဲတွေ တခုမှ မရှိပါဘူး၊ အာဏာရှင်ကလည်း အလွယ်တကူ အလျှော့မပေးခဲ့ပါဘူး၊ (၂) လွှတ်တော်ပြင်ပက အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေရဲ့ ရဲရင့်တဲ့ တိုက်ပွဲဝင်မှုတွေ၊၊  အတိုက်အခံပါတီတွေရဲ့ ညီညွတ်မှုတွေကြောင့် တပြည်လုံးအတိုင်းအတာဆောင်တဲ့ အာဏာရှင် ဆန့်ကျင်ရေး တောင်းဆိုမှုတွေ အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။ အာဏာရှင်အစိုးရက လိုက်လျောလာရတာ ဖြစ်ပါတယ်။ (၃) အတိုက်အခံတွေ ညီညွတ်ရေးမတည်ဆောက်နိုင် (သို့မဟုတ်) ကျယ်ပြန့်တဲ့ လှုပ်ရှားမှုအသွင် မဖော်ဆောင်နိုင်ရင် (ဂွမ်ဂျူးအရေးအခင်း)လို နှိပ်ကွပ်ခံရ၊ စစ်တပ်က အာဏာသိမ်းတာမျိုးနဲ့ ကြုံခဲ့ရပါတယ်။ (၄) နောက်ဆုံးကတော့ အတိုက်အခံအချင်းချင်း မညီညွတ်ရင် ရွေးကောက်ပွဲမှာတောင် အာဏာရှင်စနစ်ရဲ့ ကိုယ်စားလှယ်ကြားထဲက အနိုင်ရသွားနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

နေသွင်ညိဏ်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024