နွေဦးတော်လှန်ရေး ၂ ငါးလုံးထွေထွေသပိတ်နေ့မှာ နေပြည်တော်ရှိ ၀န်ထမ်းအိမ်ရာတွေအနီးမှာ ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့က ရှေ့နောက်ပိတ်ဆို့ပြီး ၀င်ရောက်ဖမ်းဆီးခဲ့ရာမှာ ရာနဲ့ချီဖမ်းဆီးခံထားရပါတယ်။
ဆန္ဒပြသူတွေဟာ မနေ့က ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ၀န်ထမ်းအိမ်ရာတွေဘက်ကနေ လှည့်လည်ပြီး ဆန္ဒပြနေစဉ် ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းအနီးလမ်းဆုံမှာ ရဲတွေက ရှေ့နောက်ပိတ်ဆို့ပြီး ဖမ်းဆီးတာလို့ ဆိုပါတယ်။
အဖမ်းမခံရဘဲ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက “ အဲဒီနား လမ်းဆုံမှာ ရှေ့မှာ ရဲကားတွေ အချုပ်ကားတွေနဲ့ ပိတ်ထားပြီး နောက်ကလည်း ဘယ်ကနေရောက် လာမှန်းမသိဘူး ပိတ်ဖမ်းတာ။ ကျနော်တို့ဆို လမ်းဘေးချောက်ထဲ ဆိုင်ကယ်မောင်းပြေးတာ ဆက်မောင်းမရတော့ ဆိုင်ကယ်ထားပြီး လူအလွတ်ပြေးရတာ။ အနီးနားမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရှိတယ်။ အဲက လူတွေက ပြေးလာတဲ့သူတွေကို မိုးကာကြီးနဲ့ အုပ်ပေးထားလို့ လွှတ်တာ။ ကျနော့် အစ်မ၀မ်းကွဲနှစ် ယောက်ကတော့ အဖမ်းခံရတဲ့ထဲ ပါသွားတယ် ” လို့ ပြောပါတယ်။
ဆန္ဒပြသူတွေဟာ အင်အားထောင်ချီပြီး ဆိုင်ကယ်တွေနဲ့ အများစုဖြစ်သလို ကားအစီးရေ ၂၀ လောက်လည်းပါဝင်တယ်လို့ သိရပါတယ်။
စုစုပေါင်း လူဦးရေဘယ်လောက် ဖမ်းဆီးခံရတယ်၊ ဆိုင်ကယ်၊ ကားဘယ်လောက် သိမ်းဆည်းခံရတယ် သေချာမသိရပေမယ့် ရာချီရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
“ အဖမ်းခံရတဲ့သူက ၂၀၀၊ ၃၀၀ ပတ်ချာလည်လောက်ရှိလိမ့်မယ်ထင်တယ်။ မိန်းကလေးတွေ များလိမ့်မယ်။ ဆိုင်ကယ်တွေက တော်တော်များတယ်။ လူထက် ဆိုင်ကယ်က ပိုများတယ်အသိမ်းခံရတာ။ နောက်တစ်ခုရှိတာ ကားတွေလည်းပါတော့ ကားပေါ်ကလူတွေကတော့ ကားထားပြီး လူအလွတ်ပြေးလားတော့ မသိဘူး။ နှစ်ဘက်ပိတ်ဖမ်းတာဆိုတော့ ကားတွေကတော့ လုံး၀လွတ်နိုင်ဖို့ မလွယ်ဘူး ” လို့ ပြောပါတယ်။
လူအုပ်ထဲကို ပစ်တာလား မိုးပေါ်ထောင်ပစ်တာလား သေချာမသိပေမယ့် သေနတ်ပစ်သံတွေလည်း ကြားရတယ်လို့ ဆိုပါတယ်။
“လူအုပ်ထဲကို ပစ်တာလား၊ မိုးပေါ်ထောင်ပစ်တာလားတော့ ပြေးလွှားနေရတော့ သေချာမသိဘူး။ သေနတ်သံ သုံးချက်ကြားလိုက်တယ်”လို့ အဆိုပါ လွတ်မြောက်လာသူက ပြောပါတယ်။ အလားတူ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးကလည်း လူလွတ်အောင်ပြေးနိုင်ပေမယ့် ဆိုင်ကယ်ပါသွားတယ်လို့ ဆိုပါတယ်။
“ကျနော်က ဆိုင်ကယ်ဆီ၀င်ထည့်နေတုန်း ရှေ့က လူအုပ်က နောက်ပြန်လှည့်ဆိုလို့ ပြန်လှည့်တုန်း လူအလွတ်ပြေးလို့၊ အဲဆီဆိုင်ထဲမှာပဲ ကျနော့်လို ဆန္ဒပြတဲ့သူတွေလည်း ဆီ၀င်ထည့်နေတာ ရှိတယ်။ သူတို့တွေဆို အဖမ်းခံလိုက်ရတယ်။ တစ်ရပ်ကွက်ထဲ အသိကလေးမလေး တစ်ယောက်လည်း အဖမ်းခံရတဲ့အထဲ ပါသွားတယ် ” လို့ ပြောပါတယ်။
လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူတွေနဲ့ မိသားစု၀င်တွေ အဆက်အသွယ်မရသလို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာလည်း မသိရသေးဘူးလို့ သိရပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ ထွက်ပြေးပြီး မျက်စိလည် လမ်းမှားပြီး တောထဲမှာ ပိတ်မိနေသူတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။
မနေ့မနက်ပိုင်းက ပျဉ်းမနားမြို့ နှင်းဆီပန်းအဝိုင်းအနီးမှာ လူအင်အားသိန်းချီဆန္ဒပြနေစဉ် စစ်သားတွေနဲ့ ရဲတပ်၀င်တွေဟာ လူစုခွဲဖို့ အော်ပြီး တပြိုင်တည်း လူအုပ်ကြီးဘက်ကို အင်အားအလုံးအရင်းနဲ့ ၀င်လာတာကြောင့် ဆန္ဒပြသူတွေရော သတင်းထောက်တွေပါ လူစုခွဲပြီး ထွက်ပြေးခဲ့ရပါတယ်။
ဆန္ဒပြသူ အများ စုလွတ်မြောက်သွားပေမယ့် အနီးအနား လမ်းမပေါ်တွေနဲ့ လမ်းကြိုလမ်းကြားထဲထိ ရဲနဲ့ စစ်တပ်က လိုက်လံဖမ်းတာတွေလည်း ရှိခဲ့ပါတယ်။