အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် နောက်ထပ် ၂ ဦးကို အမေရိကန်က ဒဏ်ခတ်အရေးယူ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီးတာဝန်ရှိတဲ့ နောက်ထပ် စစ်ခေါင်းဆောင် ၂ ယောက်ကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ထပ်မံလုပ်ဆောင်လိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ တပ်မတော် (လေ) ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ကို အရေးယူလိုက်တာလို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက ဖေဖော်ဝါရီ ၂၂ ရက်မှာ ကြေညာပါတယ်။
အဆိုပါ ပုဂ္ဂိုလ် ၂ ဦးရဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ပိုင်ဆိုင်မှုတွေနဲ့ အကျိုးစီးပွားတွေကို ပိတ်ဆို့ထိန်းချုပ် အရေးယူလိုက်တာဖြစ်ပါတယ်။
မြန်မာစစ်တပ်အနေနဲ့လက်ရှိလုပ်တဲ့ လုပ်ရပ်တွေကိုနောက်ပြန်လှည့်ပြီး ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်ပေးဖို့နဲ့ အမေရိကန်ဘဏ္ဍာရေးဌာန အနေနဲ့ နောက်ထပ် အရေးယူမှုတွေလုပ်ဖို့ နှောင့်နှေးနေမှာမဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာပါတယ်။
အလားတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း အကြမ်းဖက်မှုကျူးလွန်သူတွေနဲ့ ပြည်သူ့ဆန္ဒကို ဖိနှိပ်သူတွေအပေါ် နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ နောက်လပ်လုပ်ဖို့ နှောင့်နှေးနေမှာမဟုတ်ဘူးလို့ ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် တိုက်ခိုက်မှုတွေအားလုံး ရပ်ဖို့၊ ဖမ်းဆီးခံထားရသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေပေါ် ခြိမ်းခြောက်တိုက်ခိုက်မှုတွေ ရပ်ဖို့၊ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံ အစိုးရကို အာဏာပြန်ပေးဖို့လည်း တောင်းဆိုပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ခေါင်းဆောင် ၁၀ ယောက်နဲ့ စီးပွားရေးလုပ်ငန်း ၃ ခုကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေလုပ်ဆောင်ခဲ့ပါတယ်။
ယူကေအစိုးရကလည်း အာဏာသိမ်းမြန်မာစစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ပြည်ထဲရေးဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ ၃ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာနဲ့ ခရီးသွားလာမှု ကန့်သတ် ထိန်းချုပ်တာတွေ ပြုလုပ်လိုက်တာပါ။
အလားတူ ကနေဒါနိုင်ငံကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာစစ်အစိုးရခေါင်းဆောင် ၉ ယောက်ကို ပိတ်ဆို့ဒတ်ခတ်အရေးယူလိုက်တယ်လို့ ကနေဒါနိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Photo-DSINFO