မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ တိုက်ရိုက်တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို ဦးတည်ကာ ကန့်သတ်ထိန်းချုပ် အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ အသင့်ရှိတယ်လို့ ဥရောပသမဂ္ဂ အီးယူက ကြေညာပါတယ်။
တခြား အရေးယူမှုပြုနိုင်မယ့် နည်းလမ်းတွေကိုလည်း ဥရောပသမဂ္ဂနဲ့ အဖွဲ့၀င်နိုင်ငံတွေက ပြန်လည်သုံးသပ်သွားမှာဖြစ်ပြီး မြန်မာပြည်သူတွေအပေါ် ထိခိုက်နိုင်မယ့် အရေးယူမှုတွေကိုတော့ ရှောင်ရှားသွားမယ်လို့ဆိုပါတယ်။
ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံ အခြေအနေအပေါ် ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဆွေးနွေးပြီးနောက် ခုလို ဆုံးဖြတ်ကြေညာလိုက်တာဖြစ်ပါတယ်။
ဥရောပသမဂ္ဂဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး ဖေဖေါ်ဝါရီ ၁ ရက် နေ့က မြန်မာနိုင်ငံမှာ တပ်မတော်ရဲ့ အာဏာသိမ်းမှုကို အပြင်းထန်ဆုံးရှုတ်ချတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နို၀င်ဘာ ၈ ရက်နေ့က ဒီမိုကရေစီစံနှုန်းနဲ့အညီ ပြုလုပ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အလေးထားလိုက်နာဖို့နဲ့ တပ်မတော်အနေနဲ့ မိမိတို့ရဲ့ လုပ်ရပ်ကို စွန့်လွှတ်ရမယ်လို့လည်း အီးယူက ဆိုပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အရေးအခင်း အရှိန်အဟုန်မြင့်တက်လာမှု မရှိစေဖို့ အရေးပေါ် အခြေအနေကို ချက်ခြင်းရပ်တန့်ဖို့၊ အရပ်သားအစိုးရ ပြန်လည်ထူထောင်ဖို့နဲ့ အသစ်ရွေးကောက် တင်မြှောက်ထားတဲ့ လွှတ်တော်ခေါ်ယူဖို့ တောင်းဆိုလိုက်ပါတယ်။
သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံထားရသူအားလုံးကို ချက်ချင်းခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းဆိုပါတယ်။
ဒါ့အပြင် ဆက်သွယ်ရေးစနစ်ကို ပိတ်ပင်တားဆီးမှုမရှိဖို့၊ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊ စုဝေးစည်းရုံးခွင့်၊ သတင်းအချက်အလက် ရရှိသုံးစွဲခွင့်ကို အာမခံပေးဖို့၊ အခြေခံလူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးမှုကို လေးစားလိုက်နာဖို့ တိုက်တွန်းပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲက ဖိနှိပ်ချုပ်ချယ်မှုကိုလည်း ရှုတ်ချပြီး၊ အာဏာပိုင်တွေ အနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့အညီ ကျင့်သုံးဖို့နဲ့ အကြမ်းဖက်မှုကိုနှစ်ဖက်စလုံးက ရှောင်ရှားကြဖို့လည်း တိုက်တွန်းပါတယ်။