Home
မြန်မာသတင်း
မြန်မာအလုပ်သမားများကို နိုင်ငံကူးလက်မှတ်စာအုပ်အနီ ထုတ်ပေးရန် စီစဉ်
ရွှေအောင်
·
October 9, 2013
ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေကို လက်ရှိကိုင်ဆောင်နေတဲ့ ယာယီနိုင်ငံကူး လက်မှတ်အစား ပြည်ပထွက်ခွာတဲ့ မြန်မာနိုင်ငံသားတိုင်း ကိုင်ဆောင်နေတဲ့ သာမန် နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးဖို့ စတင်စီစဉ်ဆောင်ရွက်နေပြီလို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအတွက် ယာယီနိုင်ငံကူးလက်မှတ် ခရမ်းရောင်အစား နိုင်ငံကူးလက်မှတ်စာအုပ် အနီရောင်တွေ ထုတ်ပေးဖို့ မြန်မာဘက်က ဆန္ဒရှိနေတာလို့ အလုပ်သမားဝန်ကြီးဌာနရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော်က ပြောပါတယ်။ “လောလောဆယ် အနီပြောင်းလုပ်ပေးဖို့တော့ ယာထားချက်ရှိပါတယ်။ ကျနော်တို့ဘက်က ပေးလိုတဲ့ဆန္ဒအရ ညှိနှိုင်းဖို့အတွက် ဆောင်ရွက်နေပါတယ်။” မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံ ပြန်လာစရာ မလိုဘဲ ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ် ရုံးတွေမှာပဲ နိုင်ငံကူးလက်မှတ်သစ်တွေ လဲလှယ် နိုင်အောင် စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။ အခုလို မြန်မာအစိုးရက အလုပ်သမားတွေကိုင်ဆောင်မယ့် နိုင်ငံကူးလက်မှတ်တွေကို ပြောင်းလဲထုတ်ပေးမယ်လို့ ပြောနေပေမယ့် ဘယ်တော့ စတင်ထုတ်ပေးမယ်ဆိုတာ မသိရသေးသလို ထိုင်းအစိုးရဘက်ကလည်း ဘယ်လိုတုံ့ပြန်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီကိစ္စကို လာမယ့် အောက်တိုဘာ ၁၂ ရက်မှာ မြန်မာနဲ့ ထိုင်းအလုပ်သမားဌာန တာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်းကြဖို့ ရှိနေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ဥက္ကဋ္ဌ ဦးအောင်ကျော်ကတော့ ထိုင်းအလုပ်သမားဌာနက နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေ လုပ်နိုင်တဲ့ အလုပ်ကို ကန့်သတ်ထားတာတွေရှိတယ်လို့ ထောက်ပြ ပြောဆိုပါတယ်။ “ထိုင်းနိုင်မှာ ထိုင်းအလုပ်သမားဥပဒေအရ သတ်မှတ်ထားတာက ထိုင်းမြေပေါ်မှာရှိတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့် အလုပ် ၇ မျိုးပဲ သတ်မှတ်ထားတာခင်ဗျ။ မြန်မာအစိုးရ ကိုယ့်နိုင်ငံသားတွေအတွက် ဂုဏ်တင့်တယ်အောင် ဘယ်လိုစာအုပ်မျိုးကိုပဲ လုပ်ပေးသည်ဖြစ်စေ။ ထိုင်းကတော့ သူရဲ့မူဝါဒအတိုင်း သတ်မှတ်ထားတဲ့ အလုပ်ကလွဲလို့ ကျန်တာ လုပ်ခွင့်ပေးမှာမဟုတ်ဘူး။ သူတို့နိုင်ငံသားတွေ မလုပ်လိုတဲ့ အန်မတန် ကြမ်းတမ်းတဲ့၊ အင်မတန်ပင်ပန်းတဲ့၊ အန်မတန် ခက်ခဲ ညစ်ပတ်တဲ့ အလုပ်မျိုးကိုပဲ ခိုင်းတာပါ။ ထိုင်းကတော့ သူမူအတိုင်းပဲ သွားမှာပဲခင်ဗျ။” မြန်မာနိုင်ငံမှာ အခြေစိုက်နေပြီဖြစ်တဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (M.W.R.N) တာဝန်ခံ ဦးစိန်ဌေးကတော့ အရင် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတုန်းကလို အလုပ်သမားတွေထံက အကျိုးအမြတ်ရှာသလို မဖြစ်ဖို့လိုမယ်လို့ ပြောပါတယ်။ “ဘယ်လိုစာအုပ်မျိုးပဲ ထုတ်ထုတ် တကယ်ကို အလုပ်သမားတွေအတွက်လည်း အကျိုးရှိရမယ်။ ထုတ်ပေးမယ့်အပေါ်မူတည်ပြီးတော့မှ အကျိုးအမြတ်ရှာ မလုပ်ဖို့လိုပါတယ်။ ပြီးခဲ့တဲ့ ယာယီပတ်စ်ပို့စ် ထုတ်ပေးတဲ့ဟာက ပွဲစားတွေနဲ့ ဖြတ်မှရတဲ့အတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းထက်ကို အဆပေါင်းများစွာ ကြုံတွေ့ခဲ့ရပါတယ်။ စပြီး ယာယီနိုင်ငံကူးလုပ်တုန်းကလည်း ပိုက်ဆံတွေ အများကြီး ကုန်တယ်။ နောက်ထပ်ပြီး ထုတ်ပေးမယ် ထပ်ကုန်မယ်ဆိုရင်တော့ အဆင်မပြေဘူးပေါ့။” ၂၀၀၉ ခုနှစ်ကစပြီး ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့တာဖြစ်ပြီး လက်မှတ်ထုတ်ပေး ခဲ့တဲ့ ၄နှစ် အတွင်း ပွဲစားတွေနဲ့ပဲ လုပ်ခဲ့ကြရပြီး ကုန်ကျစရိတ်တွေ အဆမတန်ကုန်ကျခဲ့ကြရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲ နှစ်နိုင်ငံသဘောတူညီချက်နဲ့ ထုတ်ပေးခဲ့တဲ့ ယာယီနိုင်ငံကူးလက်မှတ်ပေါင်း ၁သန်း ၇သိန်းကျော် ရှိသွားပြီဖြစ်ပြီး ထိုင်းမှာ မြန်မာအလုပ်သမား ၃ သန်းထက်မနဲ အလုပ် လာလုပ်နေကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024