ဘားအံပြည်သူ ၉၀ ရာနှုန်းကျော် ဖွဲ့စည်းပုံပြင်ရေး လိုလားဟုဆို
နန်းမြနဒီ
·
October 9, 2013
ကရင်ပြည်နယ်အတွင်း ဘားအံခရိုင်အတွင်းရှိ ပြည်သူ ၉၀ ရာခိုင်နှုန်းကျော်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ သဘောထားဆန္ဒရှိကြကြောင်း ကရင်ပြည်နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မလား အသစ်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီက ကရင်ပြည်နယ်ထဲမှာ ပြည့်သူ့ဆန္ဒ သဘောထားတွေ လိုက်လံစုဆောင်းကောက်ယူရာမှာ တွေ့ရှိချက်ကို အခုလို ပြောဆိုလိုက်တာပါ။
ကရင်ပြည်နယ် ဘားအံခရိုင်ထဲမှာရှိတဲ့ ဘားအံ၊ လှိုင်းဘွဲ့နဲ့ သံတောင်မြို့နယ် ၃ ခုက ပြည်သူ ၄၀၀ နီးပါးနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က ဘားအံမြို့ ကန်သာဦးခန်းမမှာ တွေ့ဆုံပြီး ပြည်သူ့ဆန္ဒ ကောက်ယူခဲ့ကြတာပါ။
ပြည်သူ့သဘောထား မကောက်ခံခင်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်၊ အားသာချက်တွေကို အရင်ဆုံးရှင်းပြခဲ့ကြောင်း၊ အများစုက ဥပဒေအသစ်ပြန်ရေးရင် အစိုးရက လက်မခံမှာစိုးတဲ့အတွက် ပြင်ဆင်သင့်ကြောင်း၊ အထူးသဖြင့် လွှတ်တော်ထဲမှာ စစ်တပ် ၂၅ ရာခိုင်နှုန်းပါဝင်နေတဲ့အချက်၊ နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ပုဒ်တွေနဲ့ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ပုဒ်မတွေကို ပြင်ဆင်သင့်ကြောင်း သဘောထားပေးခဲ့ကြတယ်လို့ ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။
“ဘားအံက အများဆုံးပဲ။ သံတောင်နဲ့ လှိုင်းဘွဲ့က ၃၀ လောက်စီ လာတယ်။ ဧည့်သည်တော် စိတ်ဝင်စားတဲ့သူကလည်း ၃၀ လောက်ရှိတယ်။ နိုင်ငံရေးပါတီတွေကတော့ သူတို့ပါတီရဲ့ ဆုံးဖြတ်ချက် သူတို့မှာမပါလာဘူးပေါ့။ အဲဒါကြောင့် ပုဂ္ဂိုလ်ရေးပဲ ဆန္ဒပြုသွားကြတယ်။ ဆန္ဒခံယူပွဲမှာ ပြင်မလား၊ အသစ်ဆွဲမလားဆိုတော့ ၉၅ ရာခိုင်နှုန်းလောက်က ပြင်ဖို့ပဲ လက်ခံကြတယ်။ နိုင်ငံရေးပါတီက သူတွေကလည်း ပြင်ဖို့ပဲ ဆန္ဒပြုသွားကြတယ်။”
ဆန္ဒသဘောထားကောက်ယူရာမှာ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်ကိုမှ သီးသန့် ရွေးချယ်ဖိတ်ကြားတာမျိုး မဟုတ်ဘဲ စိတ်ဝင်စားသူတိုင်းကို ဖိတ်ခေါ်ခဲ့ပြီး အဲဒီမြို့နယ် ၃ ခုက ရပ်မိရပ်ဖ၊ ကျောင်းဆရာ ဆရာမ၊ ပင်စင်စားတွေ၊ နိုင်ငံရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တွေပါ ပါဝင်ဆွေးနွေးခဲ့တဲ့အတွက် ပြည်သူ့သဘောထားအမှန် ထင်ဟပ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
နောက်ထပ်လည်း ကရင်ပြည်နယ်ထဲမှာရှိတဲ့ အခြားမြို့နယ်တွေမှာ နိုဝင်ဘာလ ၁၅ ရက်နေ့မတိုင်ခင် အပြီး လူထုဆန္ဒသဘောထားတွေ ကွင်းဆင်းကောက်ခံဖို့ အစီအစဉ်ရှိနေတာပါ။
အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်း နဲ့ အရှေ့ပိုင်းက ခရိုင် ၁၃ ခုလုံးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ရင်း ပြည်သူ့ဆန္ဒတွေ ကောက်ခံသွားဖို့ရှိတယ်လို့ ရှမ်းပြည်နယ် အန်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တရားဥပဒေစိုးမိုးရေးအတွက်ရော၊ ပြည်တွင်း ငြိမ်းချမ်းရေး အတွက်ပါ အလွန်အရေးကြီးတဲ့အတွက် သူတို့ပါတီက အထူးအလေးထားပြီး ဆောင်ရွက်နေတာပါလို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့ကနေ စပြီး ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်မှာ ဖွဲ့စည်းပုံပါ နိုင်ငံသားအခွင့်အရေးကို ထိခိုက်တဲ့ ဥပဒေတွေ၊ ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့ ဥပဒေ၊ တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်တဲ့ ဥပဒေအကြောင်းတွေ အဓိကထား ဆွေးနွေး သွားမယ်လို့ သူက ဆက်ပြောပါတယ်။