Live
Home
မြန်မာသတင်း
၂ ငါးလုံး အထွေထွေသပိတ်တွင် နိုင်ငံအနှံ့ ပြည်သူ့ဝန်ထမ်းသိန်းချီ ပါဝင်ဆန္ဒပြ
DVB
·
February 22, 2021

မြန်မာနိုင်ငံတဝန်းက ဒီကနေ့ ပြုလုပ်နေတဲ့   ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ်ကြီး မှာ သိန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေလည်း ပြည်သူလူထုတွေနဲ့အတူပူးပေါင်းပါဝင်ပြီး အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါဝင် မြို့တွေ၊ နယ်တွေအသီးသီးမှာပြုလုပ်နေတဲ့ သပိတ်စစ်ကြောင်းတွေနဲ့အတူ ပညာရေးဝန်ထမ်းဆရာဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်း ဆရာဝန်နဲ့ သူနာပြုတွေ၊ အင်ဂျင်နီယာတွေ၊  မီးရထားနဲ့ ရေကြောင်း သယ်ယူပို့ဆောင်ရေးဝန်ထမ်းတွေ၊ လျှပ်စစ်နဲ့ စည်ပင်ဝန်ထမ်းတွေ  ပါဝင်ဆန္ဒပြနေတာဖြစ်ပါတယ်။ 

ဒီကနေ့ဟာ အစိုးရရုံးဖွင့်ရက်ဖြစ်ပေမဲ့ ဝန်ထမ်းတွေရုံးမတက်တာကြောင့် ရုံးတွေ၊ ဘဏ်တွေ  အတော်များများပိတ်ထားပြီး ဝန်ထမ်းတွေက   စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်မှာ ပူးပေါင်းပါဝင် ဆန္ဒပြနေကြပါတယ်။ 

အာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ကိုတော့ စစ်အာဏာစသိမ်းပြီးမကြာခင်မှာပဲ  ဆေးလောကသားတွေက စတင်ပြုလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၂၈၅ မြို့နယ်မှာ  အစိုးရဝန်ထမ်းပေါင်း သောင်းချီပါဝင်နေတယ်လို့ https://cdm2021.com/ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတဝန်းမှာ CDM လုပ်နေတဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေတင် သောင်းနဲ့ချီရှိပြီး တနိုင်ငံလုံးက ဝန်ထမ်းတွေဆီကနေ အချက်အလက်အပြည့်အစုံမရနိုင်တာကြောင့် အမှန်တကယ် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုင်ငံဝန်ထမ်းအရေအတွက်ဟာ အဆိုပါဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာထက် အများကြီးပိုများနိုင်ချေရှိပါတယ်။ 

CDM ဝင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ နေရေး၊ စားရေး အခက်အခဲတွေ ကြုံတွေ့လာခဲ့ရင်လည်း We Support Heroes၊ 21 Savage MM စတဲ့ အဖွဲ့ တွေကို ဆက်သွယ်အကူအညီတောင်းခံနိုင်မှာ ဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်အစိုးရက တော့ CDM လှုပ်ရှားမှုကြောင့် အစိုးရလုပ်ငန်းတွေထိခိုက်မှု မရှိဘူးလို့  နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

Photo-Peter Aung

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024