စစ်တပ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်လာကြတဲ့ ဝန်ထမ်းတွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ လှူဒါန်းငွေ ထိုင်းဘတ် ၂ သိန်းခွဲကျော် ရရှိထားတယ်လို့ ၂/၂၀၂၁ ခိုင်မြဲသောလက်များက ထုတ်ပြန်ထားပါတယ်။
ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် ထုတ်ပြန်ချက်ထဲမှာတော့ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ မြန်မာပြည်က ဝန်ထမ်းတွေကို တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးကူညီကြတဲ့ ထိုင်း နိုင်ငံရောက်မြန်မာတွေရဲ့ ဘဏ်အကောင့်ထဲကို စုပေါင်းလှူဒါန်းငွေဘတ် ၂ သိန်းခွဲကျော် လက်ခံရရှိနေတယ်လို့ ဖော်ပြထားခဲ့ပြီး ဘဏ်အကောင့်ထဲ ဝင်နေတဲ့အတွက်ကြောင့် နာမည်တွေ ဖော်ပြပေးနိုင်ခြင်း မရှိတာကို သည်းခံနားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေး လောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာ ဌာနပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံ မြို့နယ်ပေါင်း ၂၈၅ မြို့နယ်မှာ အစိုးရဝန်ထမ်းပေါင်း ၁၈,၀၀၀ ကျော်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတယ်လို့ သိရပါတယ်။