စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ၂ ငါးလုံးပြည်လုံးကျွတ် အထွေထွေသပိတ်ကြီးကို ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြန်မာနိုင်ငံ တဝန်းမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်မနက်က စတင်ပြုလုပ်နေပါတယ်။
ရန်ကုန်မြို့ ဆူးလေဘုရားလမ်း၊ လည်းတန်းနဲ့ မြေနီကုန်းမှာ ဒီနေ့မနက်အစောပိုင်း ကတည်းက ဆန္ဒပြပြည်သူတွေ တဖွဲဖွဲရောက်ရှိလာပြီး လူစုကာ ထိုင်သပိတ် စတင်ပြုလုပ် နေကြပါတယ်။
နေ့စဉ် ဆန္ဒပြပြည်သူလူထုတွေ စုဝေးထိုင်သပိတ်ပုံမှန်လုပ်လေ့ရှိတဲ့ UN ရုံးနဲ့ အမေရိကန်သံရုံးရှေ့ လမ်းမတွေကို ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးထားပါတယ်။ အလားတူ တရုတ်သံရုံးရှေ့ လမ်းကိုလည်း ရဲတပ်ဖွဲ့က အကာအရံ အတားအဆီးတွေ လုပ်ပြီး ပိတ်ဆို့နေရာယူထားပေမဲ့ အတားအဆီးတွေအနားမှာ သပိတ်အဖွဲ့တွေ ရောက်ရှိနေကြတာတွေ့ရပါတယ်။
အင်းစိန်မြို့နယ်ဘက်မှာလည်း ဈေးဆိုင်တွေအားလုံးလိုလို ပိတ်ထားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြဖို့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူတွေ စုရုံးနေကြပါတယ်။
မန္တလေးမှာလည်း ပုံမှန်ဆန္ဒပြနေတဲ့ ဒိုင်းမွန်းပလာဇာရှေ့မှာ ဆန္ဒပြည်သူတွေစုရုံးရောက်ရှိ နေကြပါတယ်။ မန္တလေး တရုတ်ကောင်စစ်ဝန်ရုံးနဲ့ အိုးရှင်းကုန်တိုက်ရှေ့မှာတော့ လုံခြုံရေးတပ် ဖွဲ့တွေက ပိတ်ဆို့တားဆီးထားပါတယ်။
နေပြည်တော်မှာတော့ အင်ဂျင်နီယာတွေပါဝင်တဲ့ သပိတ်စစ်ကြောင်းနဲ့ ပြည်သူလူထုတချို့ စတင်ဆန္ဒပြနေပြီး ဈေးဆိုင်တွေလည်း ပိတ်ထားပါတယ်။
ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မှာလည်း ရဲလုံခြုံရေးတပ်ဖွဲ့တားမြစ်မှုကြားက လူအင်အား ၅ သိန်းကျော် ဆက်လက် ဆန္ဒပြနေကြပါတယ်။
အလားတူ မြန်မာနိုင်ငံ တဝန်းမြို့တွေ နယ်တွေအသီးသီးမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အရှိန်အဟုန်နဲ့ ပြုလုပ်နေကြပါတယ်။