မန္တလေး ကမ်းနားလမ်း ဆန္ဒပြပွဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန် ကျဆုံးခဲ့သူအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို ဒီနေ့ ညနေ ၄ နာရီက ကျဆုံးခဲ့တဲ့နေရာမှာ ပြုလုပ်ခဲ့ပါတယ်။
ကျဆုံးခဲ့သူအတွက် ဆုတောင်းပေးတာ၊ နှင်းဆီပန်းများ ချပေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
မန္တလေးမြို့ ကမ်းနားလမ်းမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေပိုင်းက ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်တွေနဲ့ပစ်ခတ်ဖြိုခွင်းခဲ့ရာ ၂ ဦးသေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရရှိတယ်။
ဒဏ်ရာရသူတွေထဲက ဒဏ်ရာပြင်းထန်တဲ့အတွက် အတွင်းလူနာအဖြစ် ကုသနေရသူ ၁၅ ဦး ကျော်ရှိတယ်လို့ သိရပါတယ်။
ကျဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကိုလည်း ဆေးရုံကြီးရင်ခွဲရုံကနေ နေအိမ်ဆီကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေ ၄ နာရီ လောက်မှာ သယ်ဆောင်ခွင့်ရခဲ့ကြပါတယ်။
မနေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က သေနတ်နဲ့အကြမ်းဖက်ဖြိုခွဲတာတွေ လုပ်ခဲ့ပေမဲ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် လူသိန်းနဲ့ချီ ဒီနေ့ ထိုင်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။