Home
မြန်မာသတင်း
ညအချိန်မတော် ကားဖြင့်သွားနေသူ ၂ ဦးကို တောင်ငူပြည်သူများကဖမ်းပြီး ရဲတပ်ဖွဲ့ထံ အပ်နှံ
DVB
·
February 21, 2021

တောင်ငူမြို့ ရပ်ကွက် (၁၂) အတွင်း မသင်္ကာဖွယ်ရာ မောင်းနှင်သွားလာနေတဲ့ ကား တစ်စီးကို ရပ်ကွက်နေပြည်သူတွေက ဖမ်းဆီးကာ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ  ၂၀ ရက် ည ၁၂ နာရီဝန်းကျင်က 9F/6710 honda fit ခဲရောင်မော်တော် ယာဉ်ကို ရပ်ကွက်လုံခြုံရေးကင်းစောင့်နေကြတဲ့ ပြည်သူတွေက ဦးမှန်းလမ်း တောင်ဘက်ထိပ် ဇေတဝန်ဘုန်းကြီးကျောင်းအနီး တားမြစ်မေးမြန်းပြီး ရပ်ကွက်ရုံးမှတဆင့် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တာဖြစ်ပါတယ်။ 

ဖမ်းဆီးခံရသူ ၂ ဦးကတော့ မွန်ပြည်နယ် ပေါင်မြို့နယ်မှ ကားအငှားလိုက်လာသူ အောင်ကျာ်ဇံနဲ့ တောင်ငူမြို့မရဲစခန်းမှ ရဲတပ်သား သန့်ဇော်လတ်တို့ ဖြစ်ပါတယ်။

“ကျနော်တို့ဆီ လာတာမှန်ပါတယ်။ ရပ်ကွက်ထဲမှာလည်း ကင်းတွေ စောင့်နေကြတော့ သူတို့ကလည်း လူစိမ်းတွေဖြစ်နေတော့ ပြန်ခိုင်းလိုက်တာမှာ အခုလိုကင်းစောင့်တဲ့သူတွေနဲ့ တွေ့ပြီး အဖမ်းခံလိုက်ရတာ” လို့ ဝိုင်းဝန်းဖမ်းဆီးခံရသူ ရဲတပ်သားရဲ့ ယောက်ဖဖြစ်သူက ပြောပါတယ်။

သက်ဆိုင်ရာအမှတ် (၂) နယ်မြေစခန်းနဲ့ မြို့မရဲစခန်း တာဝန်ရှိသူတွေက ရပ်ကွက်နေပြည်သူတွေရဲ့ တောင်းဆိုချက်အတိုင်း ရဲတပ်ဖွဲ့ဝင်ဖြစ်သူ ရဲတပ်သား သန့်ဇော်လတ်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 

အရပ်သားဖြစ်သူ အောင်ကျော်ဇံကိုတော့ ပုဒ်မ-၁၄၄အား ဖောက်ဖျက်ကျုးလွန်တဲ့အတွက် ပုဒ်မ-၁၈၈ နဲ့ တရားစွဲသွားမယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။

သားကြီး(တောင်ငူ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024