Home
မြန်မာသတင်း
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်နေသည့် ဝန်ထမ်းအချို့၏ အခြေအနေ
DVB
·
February 21, 2021

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လဝက ရုံးက ဝန်ထမ်း ၁၃ ယောက်ထဲမှာ ဒု လဝကမှူး ဦးဆလိုင်းဘယ်ဇမင်ဟာ တယောက်တည်းသော CDM မှာ ပါဝင်သူဖြစ်ပါတယ်။ 

“၁၃ ရက်နေ့က စပြီး CDM လုပ်တယ်။ ရုံးက ဝန်ထမ်းတွေနဲ့ ပုံမှန်ဆက်သွယ်နေပါတယ်။ ကျနော်က နုတ်ထွက်လာတာမဟုတ်ဘူး။ ရိုးရိုးသားသား CDM ဝင်လာတာပဲလေ။ လုပ်စရာရှိတာတွေ ပြည်သူကို Service(ဝန်ဆောင်မှု) ပေးစရာရှိတာတွေ လုပ်ပြီးမှ ဝင်တာပါ။ ရုံးက စာရွက်စာတမ်းဘာညာ တခုမှလည်း ယူမလာဘူး” လို့ ဦးဆလိုင်းဘယ်ဇမင်ဟ ပြောပါတယ်။

အခုအချိန်အထိတော့ ဌာနဘက်ကရော တခြားအနှောင့်အယှက်တစုံတရာမရှိဘူးလို့ ဦးဆလိုင်းဘယ်ဇမင်က ပြောပါတယ်။

“ဘာမှ အနှောင့်အယှက် မရှိပါဘူး။ ကျနော်က နိုင်ငံတော်ပုန်ကန်တာ မဟုတ်ဘူး။ ပြည်သူ့ဝန်ထမ်းတယောက်အနေနဲ့ ပြည်သူ့ဘက်က ရပ်တည်တာ” လို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ်မှာတော့ ကျန်းမာရေး၊ မီးသတ်၊ မီးရထားနဲ့ ပညာရေးဝန်ထမ်းအားလုံးနီးပါး CDM မှာ ပါဝင်နေပြီး တခြားဌာနဆိုင်ရာတွေကတော့ အနည်းအကျဉ်းပဲ ရှိပါတယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်နဲ့ ပလမြို့က ထွေအုပ်ဝန်ထမ်း ၂၀ ကျော်ဟာ CDM မှာ ပါဝင်လို့ အလုပ်ကနေ ယာယီ ရပ်ဆိုင်းခံထားရပြီး အခုတော့ ထုချေလွှာတင်ခိုင်းထားပါတယ်။

ပုလောမြို့နယ် ထွေအုပ်ဝန်ထမ်းတယောက်က   “အခု ကျနော်တို့ကို ထုချေလွှာတင်ပါဆိုပြီး စာပို့ထားတယ်။ မနေ့က စာထွက်တာ။ ဒီနေ့ (ဖေဖော်ဝါရီ ၂၀ ရက်)မှာရတယ်။ စွဲချက်တွေကတော့ CDM လုပ်တယ်ဆိုပြီး ဓာတ်ပုံရိုက် ဖေ့စ်ဘွတ်ခ်မှာ တင်တာ၊ လုပ်ငန်းခွင်ကို လာဖို့ပျက်ကွက်တာနဲ့ နိုင်ငံရေး လှုပ်ရှားမှုမှာ ပါတယ် ဆိုပြီးတော့ပါ။ ကျနော်တို့ ဒါကို မကျူးလွန်ဘူးလို့ ထုချေမှာပါ။ သိရသလောက် တော်တော်များများကတော့ ရုံးကို ပြန်မသွားပါဘူး။ အနှောင့်အယှက်တော့ မရှိပါဘူး။ အခက်အခဲကတော့ အိမ်နဲ့ ရန်ဖြစ်ရတာပေါ့။ ဆူတာပေါ့” လို့ ပြောပါတယ်။

ပုလောမြို့နယ် ထွေအုပ်ရုံးမှာ ဝန်ထမ်း ၂၄ ယောက်ရှိပြီး ၃ ယောက် CDM လုပ်သလို ရပ်ကျေးစာရေး ၄၀ ကျော်မှာ ၁၁ ယောက်က CDM လုပ်နေတာပါ။

ပလမြို့ထွေအုပ်ရုံးမှာတော့ ဝန်ထမ်း ၁၀ ယောက်ကျော်ရှိပြီး အကြီးတန်းစာရေး ၁ ယောက်နဲ့ အငယ်တန်းစာရေး ၄ ယောက်အပါအဝင် ၇ ယောက် CDM လုပ်နေတာပါ။

ပုလောမြို့မှာ တခြားဌာနဆိုင်ရာ ရုံးတော်တော်များများလည်း ပိတ်ထားတယ်လို့ အဲဒီ ထွေအုပ်ဝန်ထမ်းက ပြောပါတယ်။

ကရင်ပြည်နယ် သံတောင်ကြီးမှာတော့ ထွေအုပ်တရုံးလုံးနီးပါး CDM မှာပါဝင်နေကြပါတယ်။

“မြို့နယ် အုပ်ချုပ်ရေးမှူးရယ်၊ ဒု မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ ဦးစီးမှူးတယောက်ရယ် စုစုပေါင်း ၃ ယောက်ပဲ ရုံးမှာကျန်တယ်။ ကျန်တဲ့ ၃၆ ယောက်လုံးက CDM မှာပါပြီး ရုံးကို လုံးဝ မသွားကြတော့တာ။ ရုံးဝင်းထဲမှာ စစ်တပ်တွေရှိနေတော့ မသွားချင်ကြလို့။ ပြီးတော့ CDM လုပ်တဲ့သူတွေက ဆန္ဒပြတာမှာလည်း ပါကြတယ်။ ဒါနဲ့ အကြီးတန်းစာရေးတယောက်ကို အလုပ်ကနေ ယာယီရပ်ဆိုင်းတယ်ဆိုပြီး စာထုတ်တယ်” လို့ ထွေအုပ်ဝန်ထမ်းတယောက်က ပြောပါတယ်။

တခြားဌာနဆိုင်ရာဝန်ထမ်းတွေထဲမှာတော့ မီးသတ်၊ စည်ပင်၊ ပညာရေး၊ လျှပ်စစ်ဌာနတွေက CDM မှာ တော်တော်များများပါဝင်ကြတယ်လို့ သိရပါတယ်။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန် လေကြောင်းထိန်းဌာန (Air Traffic Control) မှာတော့ ဝန်ထမ်း တော်တော်များများ CDM မှာ ပါဝင်ခဲ့ကြပြီး ဖိအားဒဏ်တွေကြောင့် အခု နည်းနည်းပဲ ကျန်တော့တာပါ။

“ဖေဖော်ဝါရီ ၈ ရက်ကနေ ၂၇ ရက်အတွင်း အလုပ်ပြန်ဆင်းပါလို့ ဝမ်နင်ပေးထားတယ်။ လာမဆင်းရင် ပုဒ်မ ၅၀၅ နဲ့ပါ တရားစွဲမယ်လို့ ပြောတယ်။ ပြီးတော့ နိုင်ငံတော် ဘတ်ဂျတ်ကို ထိခိုက်အောင်လုပ်တယ် ဆိုတာမျိုးတွေနဲ့ တရားစွဲမယ်လို့လည်း ပြောတယ်။ ဒါကြောင့် တချို့သူတွေက အလုပ်ပြန်ဆင်းကြတယ်” လို့ ဝန်ထမ်းတယောက်က ပြောပါတယ်။

ရန်ကုန် လေကြောင်းထိန်းဌာနက ဝန်ထမ်း ၁၂၀ လောက် CDM မှာ ပါဝင်ခဲ့ပေမယ့် အခုတော့ ၂၀ လောက်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

အဲဒီဌာနမှာ ဦးစီးမှူးအဆင့်အရာရှိ ၁၅ ယောက်လောက်ရှိပြီး ၁၀ ယောက်က CDM မှာပါဝင်ခဲ့တာပါ။

“ဦးစီးမှူးတွေကို စစ်ကြောရေးမှာ ခေါ်စစ်တယ်။ အခုတော့ ပြန်လွတ်လာပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းကဆို ဦးစီးမှူးတယောက်ရဲ့ အိမ်ကိုဝင်ပြီး ရှာဖွေတာမျိုးတွေ လုပ်ခဲ့လို့ ရှောင်နေကြရတယ်” လို့ ဝန်ထမ်းတယောက်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024