လမ်းဘေးဈေးဆိုင်များ ကျန်းမာရေးနှင့် ညီညွတ်မှုရှိရန် ပညာပေးမည်
DVB
·
October 9, 2013
ရန်ကုန်မြို့က အစားအသောက် ရောင်းချတဲ့ လမ်းဘေးဈေးဆိုင်တွေဟာ ကူးစက်ရောဂါတွေကို ဖြန့်ချိပေးနေတဲ့ ဌာနတခုလို ဖြစ်နေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက ဦးဆောင်ပြီး ကွင်းဆင်းပညာပေး လုပ်ငန်းကို စတင်တော့မယ်လို့ အသင်းဥက္ကဋ္ဌက ပြောပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့ အစားအစာတွေ ရောင်းချမှုကြောင့် စားသုံးသူတွေကို ကူးစက်ရောဂါ ပြန့်ပွားပုံကို စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က အခုလို ပြောပါတယ်။
“ငွေစက္ကူအဟောင်းမှာ တီဘီ ပိုးပါမယ်။ အီကိုလိုင်ပိုးပါမယ်။ အသည်းရောင်ဘီပိုးလည်း ပါနိုင်တာပဲ။ အသည်းရောင်အေပိုးလည်း ပါနိုင်တာပဲ။ နောက်တခုက အစာအိမ်လမ်းကြောင်းမှာ ကင်ဆာဖြစ်စေတက်တဲ့ ပိုးမွှားတွေ ဒါတွေလည်း ပါနိုင်တာပဲ။ အဲဒါတွေက ပညာပေးရမှာ အစားအသောက်ကို လက်နဲ့ လုံးဝကိုင်လို့မရဘူး။ ကိုင်မယ်ဆိုရင် တူတို့ ဇွန်းခရင်းတို့နဲ့ ကိုင်ဖို့၊ လက်အိတ်နဲ့ စနစ်တကျရောင်းချဖို့ ရောင်းချတဲ့သူကလည်း ကူးစက်ရောဂါမရှိရဘူး။ စနစ်တကျ လုပ်မယ်ဆိုရင် သူတို့မှာ ကျန်းမာရေးထောက်ခံချက်တောင် လိုတယ်။”
လမ်းဘေးဈေးသည်တွေ အများဆုံးရှိနေတဲ့ ရန်ကုန်ဆင်ခြေဖုံး မြို့နယ်တွေဖြစ်တဲ့ လသာ၊ ပန်ပဲတန်း၊ ကျောက်တံတားမြို့နယ်၊ လှိုင်နဲ့ အင်းစိန်မြို့နယ်တွေမှာ အောက်တိုဘာ တတိယပတ် အတွင်း ကွင်းဆင်းပညာပေးမယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပညာပေးလုပ်ဆောင်တဲ့နေရာမှာ အစားအသောက်နဲ့ဆိုင်တဲ့ ဥပဒေကိစ္စရပ်ကို လည်း ထည့်သွင်းပြောဆိုသွားမယ်လို့ ဦးဗအုပ်ခိုင်က ပြောပါတယ်။
“အခုလိုမျိုးရောင်းချလို့ တစုံတခုဖြစ်တယ်ဆိုရင် အမျိုးသားအစားအသောက် ဥပဒေနဲ့ အရေးယူခံရနိုင်တယ်။ ဒီလို ဒီလိုရှိလို့ လုပ်ရင် ပြစ်ဒဏ် ဘယ်လောက်အထိတောင် ရှိနိုင်တယ်ဆိုတာမျိုးတွေ ထည့်ပြောရမယ်။ သတိပေးရမယ်ပေါ့။ ပညာပေးတာနဲ့ သတိပေးတာကို တွဲပြီး လုပ်သွားရမယ်။ မြန်မာနိုင်ငံသားတွေကလည်း ဥပဒေနဲ့ကို တော်တော်ကို ထိန်းချုပ်နိုင်မှ အကြောက်တရားမရှိရင်လည်း ခပ်ပေါ့ပေါ့ပဲ မလိုက်နာတာကများတယ်။ ဥပဒေ အထိန်းအကွပ်လေးတော့ လိုတာပေါ့။”
မြန်မာနိုင်ငံမှာ အမျိုးသားအစားအသောက်ဥပဒေကို ပြဋ္ဌာန်းထားပြီး ဖြစ်ပေမယ့် လက်ရှိမှာ ထိရောက်မှုမရှိဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အစာအဆိပ်သင့်မှု ပြဿနာတွေ ရှိခဲ့ပေမယ့် တကြိမ်တခါမှ ဥပဒေကြောင်း အရ အရေးယူမှု မရှိခဲ့ဘူးလို့ ဦးဗအုပ်ခိုင်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။
ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာ တို့ဟူးသုပ် ရောင်းချနေတဲ့ အသက် ၅၀ အရှယ် အမျိုးသမီးတဦးက ဈေးသည်တွေအနေနဲ့ သန့်သန့်ရှင်းရှင်းနဲ့ စနစ်တကျ ရောင်းချဖို့ လိုတယ်လို့ ပြောပါတယ်။
“ဈေးသည်တွေဘက်ကလည်း သန့်သန့်ရှင်းရှင်းနဲ့ စည်းကမ်းတကျလေးပေါ့နော် အဲဒီလိုမျိုး ဆိုရင်တော့ အခြေအနေကောင်းပါတယ်။ သန့်သန့်ရှင်းရှင်း စည်းကမ်းလေး ရှိအောင်တော့ ဖြစ်စေချင်တာပေါ့။”