Home
မြန်မာသတင်း
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖယ်ရှားခံရ
DVB
·
February 21, 2021

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းအာဘော်များကို အဓိကထုတ်ပြန်နေတဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်ပါတယ်။

“ကမ္ဘာတဝန်းလုံးဆိုင်ရာ မူဝါဒနဲ့အညီ ဖေ့စ်ဘွတ်ခ် လူမှုစံနှုန်းမှာ တားမြစ်ထားတဲ့ အကြမ်းဖက်မှု လှုံ့ဆော်ခြင်းနဲ့ ထိခိုက်မှုဖြစ်အောင် စုစည်းကြံစည်ခြင်း မူဝါဒတွေကို ထပ်ကာထပ်ကာ ဖောက်ဖျက်မှုတို့ကြောင့် တပ်မတော် သတင်းမှန်ပြန်ကြားရေး စာမျက်နှာကို ဖေ့စ်ဘွတ်ခ်ကနေဖယ်ရှားလိုက်ပါတယ်” လို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူဦးက ပြောဆိုဖြေကြားထားပါတယ်။ 

အရင်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာအပါအဝင် တပ်မတော်နဲ့ဆက်စပ်တဲ့ ဖေ့စ်ဘွတ်ပေ့ချ်၊ ဂရုနဲ့ ပါစင်နယ်အကောင့်တွေကိုလည်း ဖေ့စ်ဘွတ်ခ်ကနေ ဖယ်ရှားခဲ့ဖူးပါတယ်။ 

ဖေ့စ်ဘွတ်ခ်ရဲ့ မူဝါဒအရ စာမျက်နှာတစ်ခုဟာ သတ်မှတ်ထားတဲ့ သတိပေးမှုအကြိမ် အရေအတွက် ကျော်လွန်သွားရင် အသုံးပြုမရနိုင်သလို စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာဟာ မူဝါဒတွေကို ထပ်ကာထပ်ကာ ချိုးဖောက်ခဲ့တယ်လို့လည်း စုံစမ်းသိရပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာလည်း  ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်နဲ့ ဖေ့စ်ဘွတ်ခ်ကို အခုထိ တားဆီးပိတ်ပင်ထားပေမယ့် သုံးစွဲသူတွေက နည်းပညာအသုံးပြု သုံးစွဲနေကြသလို အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာကနေ သတင်းတွေအပြင် တိုက်ရိုက်ထုတ်လွှင့်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ 

လက်ရှိ တစ်နေ့ကို ညပိုင်း အင်တာနက် ၈ နာရီ ဖြတ်တောက်နေတဲ့ မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်အပြင် တခြားဆိုရှယ်မီဒီယာတွေဖြစ်တဲ့ တွစ်တာ၊ အင်စတာဂရမ်၊ ယူကျု့ပလက်ဖောင်းတွေလည်း ပိတ်ပင်ခံထားရပါတယ်။ 

ဒါ့အပြင် မြန်မာအာဏာသိမ်းစစ်ကောင်စီတွေက သတင်းမီဒီယာတွေရဲ့ ဝက်ဆိုဒ်တွေ အပါအဝင် ဝက်ဆိုဒ်အများအပြားကိုလည်း ကန့်သတ်ပိတ်ပင်ဖို့ ပြည်တွင်းအင်တာနက်ကုမ္ပဏီတွေကို ညွှန်ကြားထားသလို တပ်မတော်သတင်းမှန်ပြန်ကြားရေးနဲ့ ဆက်နွှယ်တဲ့ dsInfo.org ဝက်ဆိုဒ်အပါအဝင် ဆိုဒ်အတော်များများဟာလည်း ဟက်ကာအုပ်စုတွေရဲ့ ဆိုက်ဘာတိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024