Home
မြန်မာသတင်း
ကွမ်းခြံကုန်းက CDM ထွေ/အုပ်ဝန်ထမ်း ၁၇ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ
DVB
·
February 20, 2021

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးစီးဌာနက ဝန်ထမ်း ၁၇ ဦးကို ‌ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး တာဝန်က‌နေ ရပ်ဆိုင်းလိုက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကျော်ကျော်ထွန်းလက်မှတ်နဲ့   အမိန့်ထုတ်ပြန်လိုက်ပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ မြို့ပေါ်ရုံးနဲ့ ရပ်ကွက်‌/ကျေးရွာအုပ်စုတွေက အကြီးတန်းလက်နှိပ်စက် (၁)ဦး၊ အငယ်တန်းစာရေး (၁၄)ဦး၊ အငယ်တန်းလက်နှိပ်စက် (၁)ဦးနဲ့ ရုံးအကူ (၁)ဦး၊ စုစုပေါင်း (၁၇)ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တာပါ။

နိုင်ငံ့ဝန်ထမ်းဖြစ်ပေမဲ့ ဝန်ထမ်းကျင့်ဝတ်နဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်မှူတွေ စိစစ်တွေ့ရှိတဲ့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း(၁၆)၊ နည်းဥပဒေ-၁၇၃(ခ)အရ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ပြီးတဲ့အထိ တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

နိုင်ငံ့ဝန်ထမ်းဖြစ်ပေမဲ့ ကိုယ့်ရဲ့ ခံယူချက်၊ ယုံကြည်ချက်နဲ့ ဥပဒေအတွင်းက လုပ်တာ ဖြစ်တဲ့အတွက် အလုပ်လည်း မထွက်သလို ဒီလိုထုတ်ပြန်တဲ့အပေါ်မှာ ပြောစရာဘာမှမရှိပါဘူးလို့ တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လို့ ခုလိုတာဝန်ကနေ ယာယီရပ်နားခံရတဲ့ ဝန်ထမ်းတွေအတွက် စားဝတ်နေရေးအဆင်ပြေစေဖို့ မြို့နယ်ကနေ ဝိုင်းဝန်းပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့လည်း မြို့နယ် CDM Support Committee ရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကွမ်းခြံကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ မြို့ပေါ်ရုံးနဲ့ ရပ်/ကျေးစာရေး အပါအဝင် ဝန်ထမ်း ၈၀ ရှိပါတယ်။

လွင်မိုးအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024