မန္တလေးတိုင်း၊ သာစည်၊ ဝမ်းတွင်း၊ မိတ္ထီလာနဲ့ မလှိုင်မြို့နယ်တို့မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ၁၂ ရက်မြောက်အဖြစ် စစ်အာဏာရှင်ပြုတ်ကျရေး လူထုလူတန်းစား အလွှာစုံပြည်သူတွေ အင်အားသိန်းချီ ဆန္ဒပြခဲ့ပါတယ်။
သာစည်မှာ WE WANT DEMOCRACY ဗီနိုင်းဆိုင်းဘုတ်အကြီး ထောင်ပြီး ဆန္ဒပြခဲ့သလို ၄ မြို့နယ်လုံးမှာ CDM လုပ်ဖို့ ကျန်ရှိနေတဲ့ ဌာနတွေရှေ ထိုင်သပိတ်ပြုလုပ်ပြီး ကြွေးကြော်သံတွေနဲ့ ဆန္ဒပြကြပါတယ်။
ကျေးလက်နေ တောင်သူတွေကလည်း ကားတွေနဲ့ မြို့ပေါ်လာရောက်ကာ ဆန္ဒပြရာမှာ ပူးပေါင်းပါဝင်ကြပြီး နေရာစုံကနေ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြတောင်သူတစ်ဦးက "အရင်စစ်အာဏာရှင်ခေတ်က ကျနော်တို့လယ်ယာတွေမှာ သူတို့စိုက်ခိုင်းတာပဲ စိုက်ရတယ်။ စျေးကွက်ကောင်းတဲ့ သီးနှံစိုက်ရင် သူတို့စိုက်ခိုင်းတာမဟုတ်ရင် တရားစွဲတယ်။ လွတ်လပ်မှုလုံးဝမရှိဘူး။ ကိုယ့်လယ်ယာကိုယ် စိတ်ကြိုက်လုပ်မရတဲ့ စစ်အာဏာရှင်အောက်ကို ပြန်မရောက်ချင်လို့ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒလာပြတာပါ"လို့ ပြောပါတယ်။
"ဒီမိုကရေစီရရှိရေး၊ ရုံးဆက်တက်ရင် အာဏာရှင်တွေ သက်ဆိုးရှည်မယ်၊ သူရဲကောင်းတို့ ရုံးမတက်ဖို့ တောင်းပန်ပါတယ် ရှိခိုးပါတယ်၊ သပိတ် သပိတ် မှောက်မှောက်၊ ဖမ်းဆီးထားတဲ့ခေါင်းဆောင်များ အမြန်ဆုံးလွှတ်၊ ရုံးမတက်နဲ့ ရုန်းထွက် စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။
မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေအုပ်ချုပ်ရေးရုံးအပါအဝင် CDM မှာမပါဝင်သေးတဲ့ ရုံးဌာနရှေ့မှာ အင်အား ၂၅၀ လောက်နဲ့ ထိုင်သပိတ်လုပ်ဆန္ဒပြသူတွေ၊ လမ်းလျှောက် ဆန္ဒပြသူတွေတွေ၊ ဆိုင်ကယ်ကားတွေနဲ့ ဆန္ဒပြသူတွေလည်းရှိပါတယ်။
ဆန္ဒပြတဲ့ လူအင်အား သာစည်မှာ ၂၅၀၀၀၊ ဝမ်းတွင်းမှာ ၂၅၀၀၀၊ မိတ္ထီလာမှာ ၅၀၀၀၀ ကျော် မလှိုင်မှာ ၁၅၀၀၀ လေးမြို့နယ်ပေါင်း တစ်သိန်းကျော်နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ ဝန်းရံပြည်သူတွေကလည်း ရေသန့်ဘူးနဲ့ အချိုရည်ဘူးတွေ ပေးဝေပြီး လက်ခုပ်တီး အားပေးခဲ့ပါတယ်။
သတင်း-ဓာတ်ပုံ-မောင်မောင်လင်း