စစ်ကိုင်းတိုင်း ကန့်ဘလူမြို့က အလွှာပေါင်းစုံပါဝင်တဲ့ အထွေထွေသပိတ်စစ်ကြောင်းအ တွင်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပါဝင်မှု များပြားလာပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတော့ အထွေထွေသပိတ်စစ်ကြောင်းအင်အားဟာ လူသိန်းနဲ့ချီများပြားလာပြီး အဲ့ဒီထဲမှာ ကျန်းမာရေး၊ ပညာရေး၊ မီးရထား စတဲ့ ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းအများပြား ပါဝင်ခဲ့ကြပါတယ်။
"စစ်အာဏာရှင်က ဖိအားပေးမှ ဝန်ထမ်း ပိုတောင်များလာသလို ဖြစ်နေတယ်။ သူတို့လက်အောက်မှာ ၉၀ ရာခိုင်နှုန်းလောက်က ဘယ်ဝန်ထမ်းမှ အလုပ်မလုပ်ချင်ကြဘူးဆိုတာ အားလုံးအသိပဲလေ။ ဒီနေ့တော့ သပိတ်အင်အားလူပိုများလာတယ်" လို့ သပိတ်မှောက်ရာမှာ ပါဝင်တဲ့ ကန့်ဘလူမြို့ခံတစ်ဦးက ပြောပါတယ်။
ကန့်ဘလူမြို့က အထွေထွေသပိတ်စစ်ကြောင်းဟာ မြို့တွင်းလမ်းမကြီးတွေမှာ စီတန်း လှည့်လည်ဆန္ဒပြခဲ့ကြသလို ဌာနဆိုင်ရာအသီးသီးရှေ့သွားရောက်ပြီး ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ CDM မှာ ပါဝင်ကာ ပြည်သူလူထုနဲ့ ပူးပေါင်းကြဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ကြပါတယ်။
ရန်နိုင်စိုး