Home
မြန်မာသတင်း
ဦးခေါင်းကို သေနတ်ကျည်ဆန် ထိမှန်ခဲ့သည့် မမြသွဲ့သွဲ့ခိုင် ကွယ်လွန်
DVB
·
February 19, 2021

နေပြည်တော်မှာ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဦးခေါင်းမှာ သေနတ်ကျည်ဆန်ထိမှန်ခဲ့တဲ့  မမြသွဲ့သွဲ့ခိုင် အသက် ၁၉ နှစ်ဟာ ဒီကနေ့ ဖေဖေါ်ဝါရီ ၁၉ ရက် မနက် ၁၁ နာရီ မိနစ် ၂၀ လောက်မှာ အသက်ရှုစက်ဖြုတ်ခြင်းမရှိဘဲ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းအနားမှာ  စစ်အာဏာသိမ်းတာကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြတဲ့ပြည်သူလူထုကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ဖြစ်စဉ်မှာ မမြသွဲ့သွဲ့ခိုင်ဟာ ဦးခေါင်းမှာ သေနတ်ကျည်ဆံ ထိမှန်ပြီး ဒဏ်ရာ အပြင်းအထန်ရရှိသွားခဲ့တာပါ။

ဒဏ်ရာရပြီးနောက် နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာတော့ ဦးနှောက်လုံးဝ သေသွားပြီး  အသက်မရှူတော့သလို နှလုံးခုန်နေတာပဲရှိရာက ဒီကနေ့မှာတော့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

“ ပိုက်ဖြုတ်ဖို့မဖြုတ်ဖို့ မပြောပါဘူးရှင်၊ ပြီးတော့ ပိုက်ဖြုတ်လို့ဆုံးသွားတာလည်း မဟုတ်ပါဘူး။ သူ့ဘာသာ တဖြည်းဖြည်း အခြေအနေ နောက်ဆုံး ဆိုးရင်းဆိုးရင်းနဲ့ ဒီတိုင်းပဲဆုံးသွားတာပါ။ ” လို့ မမြသွဲ့သွဲ့ခိုင်ရဲ့ အစ်မဖြစ်သူ မမြသတိုးနွယ်က ပြောပါတယ်။

မမြသွဲ့သွဲ့ခိုင်ကွယ်လွန်သွားပေမဲ့ ဒီမိုကရေစီတိုက်ပွဲကို အောင်မြင်အောင် ဆက်လက်တိုက်ပွဲဝင်ပေးဖို့ သူ့ရဲ့ အစ်မဖြစ်သူက တိုက်တွန်းပြောပါတယ်။

မမြသွဲ့သွဲ့ခိုင်ရဲ့ ရုပ်အလောင်းကိုတော့ လက်ရှိအချိန်မှာ နေပြည်တော် ခုတင် ၁၀၀၀  ဆေးရုံ ရင်ခွဲရုံမှာ ထားရှိပြီး အသုဘအခမ်းအနားကိုတော့ လာမယ့် ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

နေပြည်တော် ကုတင် ၁၀၀၀ဆေးရုံကနေ ကွေ့ကြီးသုဿန်ကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ ကာယကံရှင်မိသားစုဝင်တွေက ပြောပါတယ်။

မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို ထိမှန်တဲ့ ကျည်ဆန်ဟာ ရာဘာကျည် မဖြစ်နိုင်ဘဲ ကျည်ဆံအစစ်ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်လို့လည်း ဆရာဝန်တွေက သုံးသပ်ထားပါတယ်။

အာဏာသိမ်းစစ်အစိုးရကတော့ အဆိုပါမိန်းကလေးက အုတ်ခဲနဲ့ ပစ်ပေါက်လို့ သေနတ်နဲ့ ပစ်ရတာလို့  စစ်အစိုးရရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အွန်လိုင်းမှာပျံ့နှံ့နေတဲ့  ရုပ်သံအထောက်အထား ဗီဒီယိုမှာတော့  ရဲအရာရှိတစ်ယောက်က  အကာအကွယ်နေရာတစ်ခုရဲ့ နောက်မှာရပ်နေတဲ့ အမျိုးသမီးငယ်ကို  သေနတ်နဲ့ အသေအချာ ချိန်ရွယ်ပစ်ခတ် သတ်ဖြတ်ခဲ့တာ မြင်တွေ့ရပါတယ်။

ဖြိုးသက်ပိုင်မြင့်/နေဖြိုးဝင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024