အာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)မှာ မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၂၈၄ မြို့နယ်ရှိ အစိုးရဝန်ထမ်းပေါင်း ၁၇,၀၀၀ ကျော် ပါဝင်နေတယ်လို့ သိရပါတယ်။
ဒီအချက်အလက်တွေကိုတော့ https://cdm2021.com/ အမည်နဲ့ အင်တာနက်စာ မျက်နှာပေါ်ကတဆင့် အချိန်နဲ့ တပြေးညီ လွှင့်တင်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေးလောကသားတွေကစတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာ ဌာနပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။
ဒီကနေ့ နေ့လည် ၁၂ နာရီအချိန်ထိ ဝက်ဘ်ဆိုက်ဒ်ပေါ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ အစိုးရဝန်ကြီးဌာန ၂၃ ခု၊ CDM အစိုးရဌာန ၁၂၅၂ ခုနဲ့ လက်ထောက်ဆရာဝန်၊ သူနာပြု၊ ဦးစီးအရာရှိ၊ ညွှန်ကြားရေးမှူး၊ ပါမောက္ခ၊ ရုံးဝန်ထမ်း အစရှိတဲ့ ကျွမ်း ကျင်မှု/ရာထူးအလိုက် ၇၆၉ ခု၊ CDM အစိုးရဝန်ထမ်းပေါင်း ၁၇,၀၇၉ ယောက် ပါဝင်လာပြီ လို့ ဖော်ပြထားပါတယ်။
အဲဒီထဲမှာတော့ လက်ထောက်ဆရာဝန် ၂,၉၄၄ ယောက်နဲ့ အများဆုံး ပါဝင်နေပြီး ဒုတိယနေ ရာမှာ သူနာပြု ၂,၇၂၆ ယောက်၊ သားဖွားဆရာမ ၆၃၅ ယောက်၊ အထူးကုဆရာဝန် ၅၇၉ ယောက်နဲ့ အစဉ်လိုက် ရှိနေတာ ဖြစ်ပါတယ်။
CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ နေရေး၊ စားရေး အခက်အခဲတွေ ကြုံတွေ့လာခဲ့ရင်လည်း We Support Heroes ၊ 21 Savage MM စတဲ့ အဖွဲ့တွေကို ဆက်သွယ်အကူအညီတောင်းခံနိုင်မှာ ဖြစ်ပါတယ်။ အဏာသိမ်း စစ်အစိုးရကတော့ CDM လှုပ်ရှားမှုကြောင့် အစိုးရလုပ်ငန်းတွေထိခိုက်မှု မရှိဘူးလို့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။