ယူကေနှင့် ကနေဒါက မြန်မာစစ်ခေါင်းဆောင်များကို ပိတ်ဆို့ဒဏ်ခတ်အရေးယူ

မြန်မာအာဏာသိမ်းစစ်အစိုးရဟာ လူ့အခွင့်ရေးချိုးဖောက်မှုတွေလုပ်ဆောင်ခဲ့တယ်ဆိုပြီး ယူကေနဲ့ ကနေဒါနိုင်ငံတို့က တပ်မတော် စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
ယူကေအနေနဲ့ အာဏာသိမ်းမြန်မာစစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ပြည်ထဲရေးဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ ၃ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာနဲ့ ခရီးသွားလာမှု ကန့်သတ် ထိန်းချုပ်တာတွေ ပြုလုပ်လိုက်တာပါ။
ယူကေကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်အစိုးရနဲ့ စီးပွားရေး ဖက်စပ်လုပ်ကိုင်တာတွေကို ရပ်ဆိုင်းဖို့ စတင်လုပ်နေပြီလို့လည်း ယူကေအစိုးရက ကြေညာပါတယ်။
ယူကေနိုင်ငံဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင် ၁၆ ယောက်အပေါ် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အရင်ကတည်းက အရေးယူ ဒဏ်ခတ်ထားပြီးလည်း ဖြစ်ပါတယ်။
အလားတူ ကနေဒါနိုင်ငံကလည်း မြန်မာစစ်အစိုးရခေါင်းဆောင် ၉ ယောက်ကို ပိတ်ဆို့ဒတ်ခတ်အရေးယူလိုက်တယ်လို့ ကနေဒါနိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
ကနေဒါနိုင်ငံကအရေးယူလိုက်သူတွေထဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်ဆန်း၊ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ခေါင်းဆောင် ၁၀ ယောက်နဲ့ စီးပွားရေးလုပ်ငန်း ၃ ခုကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေလုပ်ဆောင်ပြီးနောက် ယူကေနဲ့ ကနေဒါနိုင်ငံတွေကလည်း အခုလို လုပ်ဆောင်လိုက်တာပါ။
မြန်မာစစ်အစိုးရကတော့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို မျှော်လင့်ထားပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
အခုလို ယူကေနဲ့ကနေဒါက မြန်မာစစ်ခေါင်းဆောင်တွေပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေချမှတ်လိုက်တာဟာ မှန်ကန်တဲ့ ခြေလှမ်းတစ်လှမ်းဖြစ်ပေမဲ့ မြန်မာစစ်တပ်ရဲ့ ဘဏ္ဍာရေး ပြိုလဲသွားအောင်ထပ်လုပ်ဖို့လိုသေးတယ်လို့ Global Witness အဖွဲ့ကြီးက ထုတ်ပြန်ပါတယ်။
အမေရိကန်၊ ယူကေနဲ့ ကနေဒါနိုင်ငံတွေအနေနဲ့ မြန်မာတပ်မတော်ရှိ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးချုပ်နဲ့အထက်အဆင့် စစ်တပ်အရာရှိတွေအားလုံး၊ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ အပါအဝင် စစ်တပ်ပိုင်ကုမ္ပဏီတွေနဲ့ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို ပိတ်ဆို့ဒဏ်ခတ် ရေးယူဖိုလည်းတောင်းဆိုလိုက်ပါတယ်။
Photo-DSINFO