ရခိုင်အမျိုးသားပါတီထူထောင်ရန် ပါတီမှတ်ပုံတင်ရေးကော်မတီဖွဲ့စည်း
နန်းမြနဒီ
·
October 7, 2013
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပေါင်းစည်းထားတဲ့ ရခိုင်အမျိုးသားပါတီထူထောင်ဖို့ ပါတီမှတ်ပုံတင်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။
ရခိုင် ၂ ပါတီ ပူးပေါင်းရေး ဆွေးနွေးပွဲကို အောက်တိုဘာလ ၅ ရက်နဲ့ ၆ ရက်နေ့တွေ က ရန်ကုန်မြို့မှာကျင်းပခဲ့ပြီး Arakan National Party ခေါ် ရခိုင်အမျိုးသားပါတီ ထူထောင်ဖို့ ကော်မတီကို ဖွဲ့စည်းလိုက်တာပါ။
ကော်မတီ ပထမ ခေါင်းဆောင်အဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင် နဲ့ ဒုတိယခေါင်းဆောင်အဖြစ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီက ဒေါက်တာအေးမောင်တို့ကို ရွေးချယ်တင်မြှောက်ခဲ့တယ်လို့ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။
ဒါ့အပြင် ဒီဆွေးနွေးပွဲမှာ ပါတီသစ်ရဲ့ မူဝါဒနဲ့ ဖွဲ့စည်းပုံမူကြမ်းတွေလည်း ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ဦးခိုင်ပြည်စိုးက ပြောတယ်။
“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ လူမျိုးကို အခြေခံတဲ့ ပြည်ထောင်စုမျိုးဖြစ်ရမယ်ဆိုတဲ့ မူတခုကို အများသဘော ဆုံးဖြတ်ကြတယ်။ ဒီမိုကရေစီအရေး တခုပါတယ်။ အဲဒီနှစ်ခုဟာ ကမ္ဘာကြီးမှာ ရှေ့တန်းရောက်နေသလို တိုင်းရင်းသားတွေအကုန်လုံးကလည်း ရှေ့တန်းတင်ထားတဲ့အတွက် ရခိုင်တွေကလည်း တိုင်းရင်းသားတွေနဲ့ လမ်းကွဲမသွားအောင် ဒီမူဝါဒကိုပဲ ဆက်လက်ကျင့်သုံးသွားမယ်။”
ပါတီသစ်အနေနဲ့ လာမယ့် သီတင်းပတ်ထဲမှာ နေပြည်တော်ကို သွားရောက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီမှာ သွားရောက်မှတ်ပုံတင်ဖို့ အစီအစဉ်ရှိပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီ တခုဖြစ်ပြီး စစ်အစိုးရလက်ထက်မှာ ပါတီဖျက်သိမ်းခံခဲ့ရကာ ဦးသိန်းစိန်အစိုးရ တက်လာပြီး တဲ့နောက် ၂၀၁၂ ခုနှစ် ဧပြီလမှာမှ ပါတီ မှတ်ပုံပြန်တင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။
ရခိုင်တိုင်းရင်းသားများတိုးတက် ရေးပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ ၃၅ နေရာနဲ့ ရခိုင်ပြည်မှာ အမတ်နေရာအများဆုံးရခဲ့တဲ့ ပါတီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ပြီးစီးသွားတဲ့ နှစ်ပါတီ ပေါင်းစည်းရေးဆွေးနွေးပွဲမှာတော့ ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့အပြင် ၂ ဘက်ပါတီက အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုယ်စားလှယ် ၁၅ ဦးစီ တက်ရောက်ခဲ့ပါတယ်။