မော်လမြိုင်-ချောင်းဆုံ မြစ်ကူးတံတား ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် စဆောက်မည်
DVB
·
October 7, 2013
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်းအတွက် အလွန်အရေးကြီးတဲ့ မော်လမြိုင်- ချောင်းဆုံ မြစ်ကူးတံတားကြီးကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှာ စဆောက်သွားမယ်လို့ မွန်ပြည်နယ် ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
တံတား တည်ဆောက်မယ့်နေရာအဖြစ် မော်လမြိုင်ဘက်မှာ မုပွန်ဆိပ်ကမ်းနဲ့ ဘီလူးကျွန်းဘက်မှာ ကညှော်ကျေးရွာဆိပ်ကမ်းနေရာကို ရွေးချယ်သတ်မှတ်ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။
မြန်မာနိုင်ငံအတွင်းက ရှည်လျားတဲ့ သံလွင်မြစ်ရဲ့ ပင်လယ်ထွက်ပေါက် မြစ်ဝမှာ တည်ရှိတဲ့ ဘီလူးကျွန်းဟာ ကျယ်ပြန့်ကာ လူနေများပြားပြီး စိုက်ပျိုးရေးလုပ်ငန်း၊ လက်မှုလုပ်ငန်းနဲ့ ရေလုပ်ငန်းစတဲ့စီးပွားရေးလုပ်ငန်းတွေ ထွန်းကားပေမယ့် အနီးဆုံး မော်လမြိုင်မြို့နဲ့ တံတားမရှိပဲ ရေပတ်လည် ၀ိုင်းနေတဲ့အတွက် ဖွံဖြိုးသင့်သလောက် မဖွံ့ဖြိုးဘူးလို့ ဒေသခံတွေက ပြောပြပါတယ်။
အခုနောက်ပိုင်း ထိုင်းနိုင်ငံဘက်က စီးပွားရေးလုပ်ငန်းရှင်တွေ ဘီလူးကျွန်းဘက်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုတွေ ရှိလာတဲ့အောက်မှာ တံတားထိုးဖို့ အစီအစဉ် ဖြစ်ပေါ်လာတာလို့ ဒေသခံတွေက ပြောပြကြပါတယ်။