Home
အနုပညာ
“ငါ့လိပ်ပြာငါလုံတယ်”သီချင်းကို နိုင်ငံရေးသီချင်းဖြစ်သည်ဆိုကာ Joox Myanmar ဖြုတ်ချ
DVB
·
February 17, 2021

အွန်လိုင်းဂီတပလက်ဖောင်းတခုဖြစ်တဲ့ Joox Myanmar က “ငါ့လိပ်ပြာငါလုံ တယ်”သီချင်းကို နိုင်ငံရေးသီချင်းဖြစ်တယ်ဆိုပြီး ဖြုတ်ချခဲ့ကြောင်း သိရပါတယ်။

ဒီသီချင်းကိုတော့ Raefonix အဖွဲ့က သီဆိုထားခဲ့တာဖြစ်ပြီး လတ်တလော အခြေအနေမှာ ရှေ့တန်းကနေ ဒုက္ခခံတိုက်ပွဲဝင်နေတဲ့ သူရဲကောင်းပြည်သူတွေအတွက် ဂုဏ်ပြုသီဆိုထားခဲ့တာ ဖြစ်ပါတယ်။

Raefonix ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး ခုလိုအသိပေးမျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“Raefonix ရဲ့ "ငါ့လိပ်ပြာလုံတယ်" သီချင်းသည် နိုင်ငံရေးသီချင်းဟု ယူဆသဖြင့် JOOX​ ၏ Policy နှင့် မကိုက်ညီဟုဆို၍ ပြန်လည်ဖြုတ်ချခဲ့ပါသောကြောင့် JOOX platform တွင် နားထောင်၍မရနိုင်တော့ပါကြောင်း။ ကျနော်တို့ Raefonix band ၏ policy မှာလည်း JOOX ရဲ့ Policy နှင့် ဆန့်ကျင်ဘက်ဟု ခံယူသဖြင့် ယနေ့မှစ၍ အနာဂတ်တွင် Raefonix မှ ထုတ်လုပ်သွားမည့် မည်သည့်သီချင်းကိုမှ JOOX Platform တွင် တင်တော့မည်မဟုတ်ပါကြောင်း ကြေညာလိုက်ပါတယ်။ အနုပညာဆင်ဆာကို ကျနော်တို့ မကြိုက်သည့်အတွက် ကြေညာခြင်း ဖြစ်ပြီး JOOX Myanmar အပေါ် တခြား ဘာစိတ်ကွက်ငြိုငြင်မှုမှ မရှိပါ”

Joox ဟာ အွန်လိုင်းပလက်ဖောင်း အပလီကေးရှင်းတခုအနေနဲ့ သီချင်းအမျိုးအစား ပေါင်းစုံကို အခမဲ့နီးပါး နားဆင်နိုင်ဖို့ ပြုလုပ်ပေးထားတာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားတို့လိုပဲ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက စတင်အခြေချလာခဲ့တာပါ။   

ခုနောက်ပိုင်းကာလမှာ မြန်မာနိုင်ငံရဲ့ လူဦးရေအလိုက် မိုဘိုင်းစမတ်ဖုန်းအသုံးပြုမှု တိုးတက်လာတာနဲ့အမျှ အွန်လိုင်းကတဆင့် ဖုန်းနဲ့ သီချင်းနားထောင်နိုင်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်တဲ့ Joox ကို ပိုပြီးတော့ ရေပန်းစားလာစေခဲ့ပြီး တိုးတက်ပြောင်းလဲလာတဲ့ အင်တာနက်ပေါ်က မြန်မာအွန်လိုင်းဂီတပလက်ဖောင်းပေါ်မှာ လွှမ်းမိုးနေရာယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်အင်တာနက်ကုမ္ပဏီ Tencent Holdings အနေနဲ့ Joox ကို ဟောင်ကောင်မှာ ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး တရုတ်ပြည်မကြီးနဲ့ ဒေသတွင်း တခြားနိုင်ငံတွေဆီ ချဲ့ထွင် ဝန်ဆောင်မှုပေးဖို့ စတင်ခဲ့တာပါ။ 

အရှေ့တောင်အာရှနိုင်ငံတွေဖြစ်ကြတဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံ တွေအပြီး အောင်အာဖရိကနိုင်ငံကိုတော့ ၂၀၁၇ ခုနှစ်မှာ စတင်ပြီးတော့ ဈေးကွက်ချဲ့ ထွင်နိုင်ခဲ့ပါတယ်။  

Joox အပလီကေးရှင်းရဲ့ ဈေးကွက်ချဲ့ထွင်နိုင်မှုနဲ့ ရေပန်းစားရတဲ့ အကြောင်းရင်းတွေထဲမှာတော့ သက်ဆိုင်ရာ ဒေသအလိုက်အသားတကျဖြစ်အောင် ဒေသတွင်းအသုံးပြုတဲ့ ဘာသာစကားနဲ့ အကျွမ်းတဝင်ရှိတဲ့ တေးသီချင်းစာသားတွေကိုပါ ထည့်သွင်းထားနိုင်မှုဟာလည်း လူကြိုက်များတဲ့ အချက်တွေထဲ ပါဝင်နေပါတယ်။

လတ်တလောမှာတော့ Raefonix ရဲ့ “ငါ့လိပ်ပြာငါလုံတယ်”သီချင်းကို နိုင်ငံရေး သီချင်းဖြစ်တယ်ဆိုပြီး ဖြုတ်ချခဲ့တဲ့ Joox ရဲ့ ရပ်တည်မှုအပေါ် ဂီတအနုပညာရှင်တချို့က လည်း ရှုတ်ချဝေဖန်မှုတွေ လုပ်နေကြပါတယ်။

အဆိုတော် Lil'Z ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“မိမိအနေဖြင့် Joox မှ အနုပညာရှင်တို့၏ လွတ်လပ်စွာ ဖန်တီးမှုအပေါ် ထားရှိ သော သဘောထားနှင့်ပတ်သတ်၍ ပြင်းထန်စွာ ရှုံ့ချပါသည်။ တရုတ်နိုင်ငံတွင်ပင် အသုံး ပြုသူ users ၏ data များအား government နှင့် အခြား အကျိုးစီးပွားရှိရာများအား ရောင်းချသည်ဟု ထင်ကြေးပေးခံရသော တရုတ်ပြည်အခြေစိုက် Tencent company ပိုင် Joox ပေါ်တွင် အယုံအကြည်မရှိသဖြင့် မိမိပိုင် "IF” album မှ သီချင်းများအား ဘယ် သောအခါမျှ ရောင်းချခဲ့ခြင်း မပြုခဲ့ပါ။ ယခုလည်း ထိုမျှထက် ပို၍ပင် အာဏာရှင် အငွေ့ အသက်များ ဖုံးလွှမ်းနေသော Joox အား ဆန့်ကျင်ကာ နောင်နောင် ရောင်းချခြင်းပြုမည် မဟုတ်ချေ။ မတရားသဖြင့် မိမိအကျိုးကိုမျှော်ကိုး၍ လိုသလိုဖြုတ်ချသော Joox ၏ အလို အတိုင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၊ ပံ့ပိုးနေသော aggregator companies နှင့် အခြားသော ပရိုဂျူဆာ၊ အနုပညာရှင်များမှလည်း အာဏာရှင်စနစ်ကို ဆန့်ကျင်လိုပါလျှင် ယခု boycott အစီအစဉ်တွင်ပါဝင်နိုင်ပါကြောင်း အကြံပြုပါသည်”

Raefonix ကတော့ "ငါ့လိပ်ပြာလုံတယ်" သီချင်းကို စီးပွားရေးအရ အသုံးချမှုက လွဲရင် လွတ်လပ်စွာ ပြန်လည်သုံးစွဲခွင့်ပေးတယ်လို့ ကြေငြာထားခဲ့ပြီး သီချင်းကို တင်ပေး ထားခဲ့တာကို တွေ့ရပါတယ်။       ဒီသီချင်းကိုတော့ ဖော်ပြပါ လင့်ခ်တွေကတဆင့် ဝင်ရောက်နားဆင်နိုင်မှာ ဖြစ်ပါ တယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024