A d v e r t i s e m e n t With Us

ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လတ် ဒူဘိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး

ထိုင်းအမျိုးသမီး ဝန်ကြီးချုပ်ဟောင်း မစ္စယဉ်လတ်ရှင်နာဝပ်ထရာဟာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ယဉ်လတ်က သူ့ရဲ့ ဓာတ်ပုံတပုံနဲ့အတူ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကတဆင့် ထိုင်းဘာသာနဲ့ ရေးသားမျှဝေထားခဲ့တာ ဖြစ်ပါတယ်။

“ဒီနေ့ ကျမ ဒူဘိုင်းမှာ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ အခွင့်အရေးရခဲ့ပါတယ်။ ယူအေအီးအစိုးရအနေနဲ့ နိုင်ငံတွင်းနေထိုင်သူတွေနဲ့ နိုင်ငံသားတွေအတွက် ကုမ္ပဏီ ၂ ခုက ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ခွဲတမ်းချ ထိုးနှံပေးခဲ့တာပါ။ မူဝါဒအရ ၈၆ ရာခိုင်နှုန်း ထိရောက်တဲ့ တရုတ်ထုတ် Sinopharm ၊ ၉၅ ရာခိုင်နှုန်း ထိရောက်တဲ့ အမေရိကန်-ဂျာမနီထုတ် Pfizer/BioNTech ကာကွယ်ဆေးတွေပါဝင်ပါတယ်။ တချိန်တည်းမှာပဲ အစိုးရက ရုရှားထုတ် Sputnik ကာကွယ်ဆေးကိုပါ အရေးပေါ်အခြေအနေတွေမှာ ခွင့်ပြုသွားဖို့ ရှိနေပြီး အိန္ဒိယထုတ် AstraZeneca Plca ကာကွယ်ဆေးကိုလည်း စမ်းသပ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် မေလ စစ်အာဏာမသိမ်းခင်ကလေးမှာပဲ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ အထက်တရားရုံးကနေ ဖြုတ်ချထုတ်ပယ်ခဲ့ချိန် မတိုင်ခင်အထိ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ယဉ်လတ်ဟာ  သူမကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုနေစဉ် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက တိုင်းပြည်ကနေ ထွက်ပြေးခဲ့တာ ဖြစ်ပါ တယ်။

နောက်လတွေမှာတော့ အကြီးအကျယ် ဆုံးရှုံးမှု ဖြစ်စေခဲ့တဲ့ ဆန်အမတော်ကြေး စီမံကိန်းနဲ့ ပတ်သက်လို့ စီမံခန့်ခွဲမှု ညံ့ဖျင်းပြီး အာဏာအလွဲသုံးစားလုပ်မှုနဲ့ ယဉ်လတ်ကို အထက်လွှတ်တော် တရားရုံးက မျက်ကွယ်ထောင်ဒဏ် ၅ နှစ် ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ယဉ်လတ်ဟာ လတ်တလောမှာတော့ ပြည်ပြေးအနေနဲ့ ပြည်ပနိုင်ငံတခုမှာ နေထိုင်နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up