မန္တလေးတိုင်း သာစည်မြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်ညနေက ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းအတော်များများ CDM မှာ ပါဝင်ထားတဲ့အတွက် တပ်ကျန်းမာရေးအဖွဲ့အား လက်မခံနိုင်ကြောင်း လူဦးရေ ၅၀၀ ကျော် ဆေးရုံးရှေ့မှာ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံပရဟိတအကျိုးဆောင်တစ်ဦးက "သာစည်ဆေးရုံက ခုတင် ၅၀ ဆံ့ဆေးရုံ တစ်ခုပါ။ ဆေးရုံထဲ ရောက်ခဲ့တယ် သူတို့ ပြောသလို မဟုတ်ပါဘူး။ သာစည်ဆေးရုံက ကျန်းမာရေး ဝန်ထမ်း အတော်များများက CDM လုပ်ထားတာပါ။ ဝန်ထမ်းတွေဘက်က အပြည့်အဝ ရပ်တည်ပေးမှာပါ။ သူတို့ထွက်မသွားမချင်း နောက်နေ့တွေလည်း ဆန္ဒပြနေမှာပါ" လို့ ပြောပါတယ်။
“MRTV မြဝတီ အလိုမရှိ၊ လူနာအတုတွေနဲ့ ဆေးကုနေတာ ဒို့သိတယ်ဟေ့ ဒို့သိတယ်၊ ခေါင်းပေါက်တယ် ပြောပြီး လက်တွေခြေတွေ ပတ်တီးတွေနဲ့ ဒို့သိတယ်ဟေ့ ဒို့သိတယ်" စတဲ့ ကြွေးကြော်သံတွေနဲ့ တပ်ကျန်းမာရေးအဖွဲ့ ပြန်ထွက်သွားဖို့ ၂ နာရီကျော်ကြာ ဆန္ဒဖော်ထုတ်ကြတယ်လို့ ဆိုပါတဘ်။
သာစည်ဆေးရုံကြီးကို ဖျက်ဆီးနေပါတယ်ဆိုတဲ့ မဟုတ်မမှန်သတင်းပေး တိုင်ကြားချက်ကြောင့် တပ်မတော်ကျန်းမာရေးအဖွဲ့နဲ့ တပ်လုံခြုံရေးအဖွဲ့တွေ ဖေဖော်ဝါရီ ၁၅ ရက်ညနေက သာစည်ဆေးရုံကို ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်နေကြတာပါ။
သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း