ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် လွတ်လပ်မျှတတဲ့ စီးပွားရေးဖော်ဆောင်ဖို့ သဘောတူ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အောက်တိုဘာ ၄ နဲ့ ၅ ရက်နေ့ ၂ ရက်ကြာ ကျင်းပ ခဲ့တဲ့ အေပက်စ်အဖွဲ့ဝင် ဝန်ကြီးအဆင့် ဆွေးနွေးပွဲမှာ ဒေသတွင်းနိုင်ငံတွေကြား ချောမွေ့တဲ့ စီးပွားဆက်ဆံရေးဖြစ်အောင်နဲ့ တိုးတက် ဖွံ့ဖြိုးရေးအတွက် တသားတည်း ဖြစ်အောင် လုပ်ကြဖို့ သဘောတူခဲ့ကြတယ်လို့ စည်းဝေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာ ချက်ထဲမှာ ဖော်ပြထားပါတယ်။ ၂၀၂၀ ခုနှစ်မတိုင်ခင် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် လွတ်လပ်မျှတတဲ့ ဒေသတွင်း စီးပွားရေးဖော်ဆောင်ဖို့ကို သဘောတူခဲ့ကြပါတယ်။ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံတွေကြား တသားတည်းဖြစ်အောင် တိုးမြှင့် ဆောင်ရွက်သွားဖို့နဲ့ အာလုံးပါဝင်လာပြီး ပိုမို မျှတတဲ့ စီးပွားရေး ဖြစ်လာအောင် ဆက်ပြီး ဆောင်ရွက်သွားကြဖို့ အာရှနဲ့ ပစိဖိတ်ဒေသနိုင်ငံများ စီးပွားရေး ပူးပေါင်း ဆာင်ရွက်ရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြပါတယ်။ အဖွဲ့ဝင်တွေအကြား ချမှတ်ထားတဲ့ ဘောင်အတွင်း ဆက်သွယ်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုမှာ ဘာတွေ တိုးတက်မှုရှိသလဲ၊ ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေး ပိုမိုသာယာဝပြောအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆွေးနွေး ခဲ့ကြပါတယ်။ အာရှနဲ့ ပစိဖိတ်ဒေသနိုင်ငံများ ဝန်ကြီးအဖွဲ့ အစည်းအဝေးပွဲကို အဖွဲ့ဝင် ၂၁ နိုင်ငံက စီးပွားရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ လာမယ့် အောက်တိုဘာ ၇ ရက် တနင်္လာနေ့မှာ အေပက်စ် ထိပ်သီးစည်းဝေး ပွဲကို ကျင်းပမှာဖြစ်ပြီး နိုင်ငံခေါင်းဆောင်တွေလည်း ဘာလီကျွန်းကို စတင် ရောက်ရှိနေကြပါတယ်။ အမေရိကန်သမ္မတ ဘာရတ် အိုဘားမားကတော့ ပြည်တွင်းမှာ ဖြစ်နေတဲ့ အစိုးရအသုံးစရိတ် ပြဿနာတွေကြောင့် အေပက်စ်ထိပ်သီးစည်းဝေးပွဲ တက်ရောက် မယ့် အစီအစဉ်ကို ဖျက်ခဲ့ပါတယ်။

More News
Up