မြန်မာနိုင်ငံထဲက အရေးပေါ်အတွက် မဟုတ်တဲ့ အမေရိကန် အစိုးရ ဝန်ထမ်းတွေ၊ ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ ရှိတဲ့ သူတို့ မိသားစုဝင်တွေ မြန်မာနိုင်ငံ ကနေ ထွက်ခွာကြဖို့ တပ်လှန့်ချက်ကို အမေရိကန် သံရုံးက ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်မှုတွေ၊ တယ်လီကွန်ဆက်သွယ်ရေး ကန့်သတ်ချက် ဆက်လုပ်တာတွေနဲ့ မြန်မာနိုင်ငံထဲကနေ ထွက်မယ့် လေကြောင်းခရီးစဉ် ကန့်သတ်ချက်တွေ ဖြစ်နိုင်ချေ ပိုမြင့်လာနေတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက အမေရိကန် နိုင်ငံသား အားလုံးကို သတိပေးလိုက်ပါတယ်။
ဒါပေမဲ့ သံရုံးကို ဆက်ဖွင့်ထားမယ်လို့လည်းဆိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ပြည်တွင်း မငြိမ်သက်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ခရီးသွား အကြံပေး အဆင့်မှာ မြန်မာနိုင်ငံကို ခရီးမသွားရ အဆင့် (၄ ) အဖြစ် အမေရိကန် အစိုးရက ဖေဖော်ဝါရီ ၁၂ ရက်မှာ သတ်မှတ်ကြေညာထားပါတယ်။
မြန်မာစစ်တပ်ဟာ ရွေးကောက်ခံအစိုးရတာဝန်ရှိသူတွေကို ဖြုတ်ချထိန်းသိမ်းထားတယ်၊ ပြည်လုံးကျွတ် ဆန္ဒပြပွဲ တွေနဲ့ စစ်အုပ်ချုပ်မှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ဆက် ဖြစ်နေဦးမယ်လို့ အမေရိကန် သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။